Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ထ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်မှု

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်မှုအခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်၊ စစ်ကိုင်း) ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

        သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တို့မှ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ် သင်ကြားလျက်ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၃၁၁)ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၁၀၄)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။

(၂)  သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)များ ဖွင့်လှစ်ဆောင်ရွက်နိုင်မှု              

        သမဝါယမကောလိပ် (မန္တလေး၊ဖောင်ကြီး)တို့တွင် (၂)နှစ် ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး ဒီပလိုမာပြီးမြောက်အောင်မြင်ပါက သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူးဆက်လက် တက်ရောက်စေကာ စီးပွားရေးဘွဲ့ရ ပညာရှင်များ မွေးထုတ်ပေးလျက်ရှိပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပထမနှစ် သင်တန်းနှင့် ဒုတိယနှစ်သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများအား ဖွင့်လှစ် သင်ကြားလျက်ရှိပြီး သမဝါယမကောလိပ် (မန္တလေး)တွင် ကျောင်းသား/ ကျောင်းသူ (၂၂၈)ဦးနှင့် သမဝါယမကောလိပ် (ဖောင်ကြီး)တွင် ကျောင်းသား/ ကျောင်းသူ (၂၂၀)ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၄၄၈)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

(၃)  သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး၊ မန္တလေး)ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

         ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်၊ သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် များသို့ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများဖန်တီးပေးရန် ရည်ရွယ်၍ သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး၊ မကွေး၊ပုသိမ်၊ မော်လမြိုင်၊ မန္တလေး)များကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ထိ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅၂)ဦး တက်ရောက်သင်ကြားနိုင်ခဲ့ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီ သဖြင့် သမဝါယမကောလိပ်များသို့ ပေါင်းကူးတက်ရောက်၍ ပညာဆက်လက်သင်ယူခွင့် ရရှိသည့် ကျောင်းသား/ကျောင်းသူ (၃၀)ဦးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် များရှိ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းစုချုပ်များ၊ သမဝါယမအသင်းစုများ၊ သမ ဝါယမအသင်းများ၊ ကုမ္ပဏီများ၊ ဘဏ်များ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများတွင် အလုပ်အကိုင်ရရှိသူ (၂၁၂)ဦးရှိပါသည်။

         ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီး၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၃၀၉)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပါသည်။

(၄) ယွန်းပညာကောလိပ် (ပုဂံ)ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

         မြန်မာ့ယွန်းထည်အတတ်ပညာများ ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ ရိုးရာယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက် တီထွင်ပြီး ရရှိသည့်နည်းပညာများကို ဖြန့်ဖြူးပေးရန်၊ ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပျိုးထောင်ပေးရန်၊ ယွန်းထည်လုပ်ငန်း အတတ်ပညာသင် ကြားရေးကို ပညာသင်ကြားမှုနည်းလမ်းများနှင့်အညီ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် စီးပွားရေးပညာတတ်ကျွမ်းနားလည်သော ယွန်းအတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယွန်းပညာကောလိပ် (ပုဂံ)ကိုဖွင့်လှစ်ပြီး ယွန်းအတတ် ပညာဒီပလိုမာ (၂)နှစ်သင်တန်းနှင့် ယွန်းအတတ်ပညာဒီပလိုမာ(၁)နှစ် သင်တန်းတို့ကို သင်ကြားလျက်ရှိရာ အစီရင်ခံသည့်ကာလတွင် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၅၆)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

(၅)  ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

         အထည်အလိပ်အတတ်ပညာများအပြင် အသက်မွေးဝမ်းကျောင်း အတတ်ပညာ များကိုပါ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန်ရည်ရွယ်၍ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရမြို့)ကို ဖွင့်လှစ်ပြီး ရက်ကန်းကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ အစီရင်ခံသည့်ကာလတွင် သင်တန်းသား/ သင်တန်းသူ (၅၆)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

 (၆)  ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (၁၃)ကျောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်မှု

         ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (၁၃)ကျောင်းတွင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သင်တန်း၊ လက်ရက်ကန်းသင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ သင်တန်းသား/ သင်တန်းသူ (၁၅၆)ဦး တက်ရောက်သင်ကြားလျက် ရှိပါသည်။

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm