Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်သူအစုအဖွဲ့များ စမ်းဝတီသဘာဝမြေဩဇာစက်ရုံနှင့် သစ်သီးဝလံတန်ဖိုးမြှင့်ထုတ်လုပ်ရေးစက်ရုံများသို့ လာရောက်လေ့လာ


31 Aug,2022

နေပြည်တော် ဩဂုတ် ၃၀

      ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့မှ တောင်သူအစုအဖွဲ့များသည်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အတူ ယနေ့မွန်းလွဲပိုင်းက နေပြည်တော် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းမှ ဆောင်ရွက်နေသော စမ်းဝတီသဘာဝမြေဩဇာစက်ရုံသို့ လာရောက်လေ့လာကြရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကြိုဆိုနှုတ်ဆက်၍ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ၊ သမဝါယမအသင်းများသို့ ထောက်ပံ့ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

      ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ရဲထွေးက နေပြည်တော်သို့ လာရောက်လေ့လာရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ၊ ဦးမျိုးထက်ဝင်းက သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်အားလည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းက နေပြည်တော်ကောင်စီနယ်မြေတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအားလည်းကောင်း  ရှင်းလင်းဆွေးနွေးကြသည်။

      ၎င်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် နွားမွေးမြူရေးခြံသို့ သွားရောက်လေ့လာကြည့်ရှု ကြသည်။ ဆက်လက်၍ စမ်းဝတီသဘာဝမြေဩဇာစက်ရုံမှ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လှည့်လည် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးခဲ့သည်။

    ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် လေ့လာရေးအဖွဲ့တို့သည် ယင်းနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်သို့ သွားရောက်ကာ ကျေးလက်နေတောင်သူ များ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဒေသထွက်ကုန် သစ်သီးဝလံများအား ကုန်ကြမ်းအဖြစ်မှ Value Added တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန်နှင့် လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေသော မြန်မာရွှေသစ်သီးဝလံကုမ္ပဏီ လိမိတက် (Myanmar Golden Produce Co.,ltd) ပိုင် သစ်သီးဝလံများ တန်ဖိုးမြှင့် ထုတ်ကုန်ပြုလုပ်သည့် စက်ရုံသို့ရောက်ရှိကာ စက်ရုံတာဝန်ခံ Managing Director မှ စက်ရုံ တည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဒေသထွက်ကုန် သစ်သီးဝလံများအား တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြုလုပ်ပုံအဆင့််ဆင့်တို့အား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေ့လာရေးအဖွဲ့သည် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်သည့် စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေပုံ အဆင့်ဆင့်အား ကြည့်ရှုလေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။

      သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်သည့် စက်ရုံမှ သရက်သီး၊ သရက်ပြင်၊ သရက် နံပြင်၊ သရက်မန်းကျည်းဂျယ်လီ၊ သရက်ပင်မှည့်ဂျယ်လီ၊ သရက်သီးအနှစ် စသည်ဖြင့် (၇) မျိုးခန့် Value Added ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက် ဆလိုဗက်ကီးယားနိုင်ငံ၊ ဒူဘိုင်းနိုင်ငံ၊ တူရကီနိုင်ငံနှင့် ယူရိုနိုင်ငံများသို့ ပေးပို့နိုင်ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm