Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကော့သောင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


13 Jan,2025

နေပြည်တော် ဇန်နဝါရီ ၁၃

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်းမြို့ ဓမ္မိကာရာမတပ်ဦးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား သွားရောက် ဖူးမျှော် ကြည်ညိုပြီးနောက် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်းမြို့ ဆလုံဘိုးဘွားရိပ်သာသို့သွားရောက်ပြီး ကျေးရွာသူကျေးရွာသားများ၊ ဆလုံဘိုးဘွားများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေ တိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင် လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်း မျိုးသန့်များရရှိရေး၊ သွင်းအားစုများပံ့ပိုးပေးနိုင်ရေးထွက်ရှိလာသော သီးနှံများ၊ မွေးမြူရေး ထုတ်ကုန် များကို ဈေးကွက်ခိုင်မာမှု ရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် ရေလုပ်ငန်းကိုသာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသည့်အတွက် လုပ်ငန်း များ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနမှ လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ နှင့် အရင်းအနှီးရရှိရေး လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူ များအနေဖြင့်ဒေသနှင့် ကိုက်ညီသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ အပ်ချုပ်စက်သင်တန်းအပါအဝင် လူသုံးကုန်နှင့် စားသောက်ကုန်များထုတ်လုပ်နိုင်ရေး လိုအပ်သော သင်တန်းများကိုလည်း စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ဒါမှသာ ကျေးရွာနေပြည်သူများ ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေမှာဖြစ်ကြောင်း၊ ကျေးရွာပြည်သူများအနေဖြင့်လည်း ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးနောက် ဆလုံရိုးရာပြခန်းများအား ကြည့်ရှုအားပေးကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်း မြို့နယ်၊ ဇာဒက်ကြီးကျေးရွာသို့ သွားရောက်ပြီး ဇာဒက်ကြီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာနှင့် လေးမိုင် အကွာရှိ ရေစုကန်မှ ကျေးရွာသို့ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာရေရှိရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည် အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့်  ရေရှည်လည်ပတ် ထိန်းသိမ်းရေးလုပ်ငန်းများအား ကျေးရွာကော်မတီမှ တာဝန်ယူဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားပြီးနောက် ရေစုကန်နှင့် ရေပိုက်သွယ်းတန်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇာဒတ်ကြီး ကျေးရွာရေဆင်းတံတား သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့သောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိတို့ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို သေချာစွာသိရှိပြီး ဦးစီးဌာန အချင်းချင်း အချိတ်အဆက်မိမိ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် တောင်သူများလိုအပ်သည့် နည်းပညာများအား ပေါင်းစပ်ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ ကျေးရွာရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ များမှ အကူအညီတောင်းခံလာပါက ဆက်စပ်ဦးစီးဌာနများနှင့် တတ်နိုင်သမျှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းများ အားလုံး စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက် ကြရန်နှင့်  စေတနာထား  လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများက ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီးနောက် ဝန်ထမ်းများတင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်