Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် သမဝါယမအသင်းသားတောင်သူများကို သတ်မှတ်အရည်အသွေးရှိသော ဝါနှင့် မတ်ပဲမျိုးစေ့များ ပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်ရေးစီမံချက် ပြီးမြောက်ခြင်း အခမ်းအနားတက်ရောက်


12 Nov,2026

နေပြည်တော် နိုဝင်ဘာ ၁၁

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ အိန္ဒိယနိုင်ငံအကူအညီဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ အနက် သမဝါယမအသင်းသားတောင်သူများကို သတ်မှတ်အရည်အသွေးရှိသော ဝါနှင့် မတ်ပဲမျိုးစေ့များ ပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်ရေးစီမံချက် ပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုပြသပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည် နှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး သမဝါယမကဏ္ဍ စိုက်ပျိုး မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အလေးထား ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့အခမ်းအနားဟာ အိန္ဒိယ - မြန်မာ နှစ်နိုင်ငံအကြား မဲခေါင် - ဂင်္ဂါ ပူးပေါင်း ဆောင်ရွက်မှု မူဘောင်အောက်ကနေ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနဲ့ သမဝါယမကဏ္ဍ၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းပဲဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတက စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများ မြင့်တက် လာစေရေး စီမံဆောင်ရွက်ရန်၊ လိုအပ်သလို သမဝါယမအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သွားရန်နှင့် လယ်ယာမြေအားလုံးတွင် ပန်းတိုင်အထွက် နှုန်းရရှိအောင်ဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ ဒါကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပါသည့် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် အချက် (၄) ချက်အနက် အဓိကအကျဆုံးဖြစ်သော မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ယခုစီမံချက်က အထောက်အကူဖြစ်ပါကြောင်း၊ ယခုစီမံချက်ကြောင့် အရည်အသွေးကောင်းပြီး သီးနှံများအထွက် တိုးလာခြင်း၊ မိသားစုဝင်ငွေ တိုးတက်မြင့်မားလာခြင်းနှင့် စိုက်ပျိုးရေးစံနှုန်းကောင်းများ ချမှတ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် သမဝါယမဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သည့် စီမံချက်ဖြစ်ပြီး ၎င်းစီမံချက်မှ ဝါမျိုးစေ့ 450 g အိတ် (၈၀၀) နှင့် မတ်ပဲမျိုးစေ့ 1kg အိတ် (၃,၅၀၀) တို့ကို ပျော်ဘွယ်၊ ရမည်းသင်း၊ ဖြူးနှင့် ကျောက်တံခါး မြို့နယ် (၄) မြို့နယ်မှ သမဝါယမအသင်းသား တောင်သူပေါင်း (၅၄၇) ဦး၏ စိုက်ပျိုးမြေ (၁,၅၂၅) ဧကပေါ်တွင် အပြည့်အဝ စိုက်ပျိုးအောင်မြင်နိုင်ရေး အချိန်မီထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ စီမံချက် ကာလ ပြီးမြောက်သွားသော်လည်း သမအသင်းများမှတစ်ဆင့် မတ်ပဲမျိုးစေ့များ ပြန်လည်မျိုးပွား ထုတ်လုပ်ခြင်း၊ နည်းပညာပံ့ပို့ခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur က မြန်မာ - အိန္ဒိယနှစ်နိုင်ငံ မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ စီမံချက်အကောင် အထည်ဖော်မှု အခြေအနေများအား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က  စီမံချက်ဆောင်ရွက်ခဲ့မှု အခြေ အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် စီမံချက်ကျေးရွာမှ အသင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ငူခရိုင်အတွင်းမှ သမဝါယမ အသင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ သမဝါယမစနစ်ဖြင့် စနစ်ကျသော စုပေါင်းစိုက်ပျိုးဆောင်ရွက်ရေး၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမစနစ် ပီပြင်စွာဖြစ်ပေါ်လာစေရန်၊ ခိုင်မာအားကောင်းသော စံပြအသင်းများ ဖြစ်လာစေရန်၊  နိုင်ငံ့စီးပွား မြှင့်တင်ရေးတွင် အဓိကမောင်းနှင်အား အသင်းများဖြစ်ရန်၊ ချေးငွေအပေါ် အခြေခံ ရပ်တည်ခြင်း မှသည် ကိုယ်တိုင်ရပ်တည် လည်ပတ်နိုင်သည့် အသင်းများအဖြစ် မြှင့်တင်ဆောင်ရွက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသော၊ ကောင်းမွန်သော စီမံခန့်ခွဲမှုရှိသော၊ အဂတိကင်းစင်သော အသင်းများဖြစ်ရန်၊ ငါးမွေးမြူရေးအောင်မြင်အောင် တိုးချဲ့ဆောင်ရွက်ရန် ရှင်းလင်းမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်