နေပြည်တော် ဇန်နဝါရီ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၏ ဒီဂျစ်တယ် နည်းပညာဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုမြှင့်တင်ခြင်း “Digital Skill Up Training (TOT)” သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြများနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် “သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ကျေးလက်လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာအောင် စီမံဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်” ဆိုသည့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ ဦးတည်ဆောင်ရွက်လျက် ရှိကြောင်း၊
ယနေ့ကမ္ဘာတွင် ဒီဂျစ်တယ်နည်းပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေး ပါသည့် အခန်းကဏ္ဍက ပါဝင်ကြောင်း။ အဓိကအားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အစိုးရဌာနများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဒီဂျစ်တယ် နည်းပညာသည် မရှိမဖြစ် လိုအပ်ကြောင်း၊ အာဆီယံနိုင်ငံများ၏ ဒီဂျစ်တယ်နည်းပညာ မြှင့်တင်ရေး အတွက် ASEAN Digital Master Plan 2025 (ADM 2025) ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Digital Economy Roadmap 2030 ကိုလည်း ရေးဆွဲလျက် ရှိပါကြောင်း။
ယခုဖွင့်လှစ်သောသင်တန်းသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်သည့် “MSME လုပ်ငန်းများမြှင့်တင်ရေးနှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်းစီမံကိန်း”တွင် ပါဝင်သော အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂျစ်တယ်နည်းပညာများ အဆင့်မြှင့်တင်ရန်အတွက် ဖွင့်လှစ်သော “Digital Skill Up Training (TOT)” သင်တန်း ဖြစ်ပါကြောင်း။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနမှ သုတေသနပြုစမ်းသပ်ထုတ်လုပ်ခြင်းမှ ရရှိသော ယွန်း၊ ရက်ကန်း၊ စားသောက်ကုန်၊ လူသုံးကုန်နဲ့ အလှကုန်ဆိုင်ရာနည်းပညာများအား စာတမ်းဖတ်ကြား ဖြန့်ဝေ ပေးခြင်း၊ အသိပညာပေးခြင်းနှင့် စက်မှုလက်မှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းပြပွဲ၊ နည်းပညာ ဆွေးနွေးပွဲ တို့ကို အခါအားလျော်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။ ထိုသို့အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ထမ်းများကိုလည်း အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာများ၊ အသိပညာ၊ အတတ်ပညာများ၊ TOT သင်တန်းများဖွင့်လှစ်၍ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် များစွာ လိုအပ်ပါကြောင်း။
ထို့ကြောင့် ယနေ့ဖွင့်လှစ်သောသင်တန်းသို့ တက်ရောက်သော ဘာသာရပ်ဆိုင်ရာ ဝန်ထမ်း များအနေဖြင့် ဒီဂျစ်တယ် အသုံးပြုမှုစွမ်းရည် မြင့်မားလာစေရန်၊ ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြီး MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး မဲခေါင်ဒေသတွင်း နိုင်ငံများမှတဆင့် နိုင်ငံတကာဈေးကွက် များနှင့်ချိတ်ဆက်ပြီး ဈေးကွက်ကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း။
တိုးတက်ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်အခင်းအကျင်းအား ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်နိုင်ရန် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်ရှိတဲ့ အသေးစားလုပ်ငန်းရှင်များအား ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ပြန်လည်မျှဝေ သင်ကြားပို့ချပေးပြီး ဒီဂျစ်တယ်နည်းပညာဖြင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း။
ဒီဂျစ်တယ်နည်းပညာသည် အသေးစားစက်မှုလက်မှုလုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့်နည်းပညာတစ်ခုဖြစ်သောကြောင့် သင်တန်းသား များအနေဖြင့် သင်တန်းမှ ရရှိသည့် အသိပညာဗဟုသုတများအား မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ် များမှာရှိတဲ့ လုပ်ငန်းရှင်များအား ပြန်လည်မျှဝေပေးရန်နှင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှာ ပြန်လည်အသုံးချကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ MSME လုပ်ငန်းများ ရေရှည်တည်တံ့ စေရေးအတွက် ပင်မဖြစ်သော ဒေသတွင်းစီးပွားရေးလုပ်ငန်းများအား အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဌာနအနေဖြင့်လည်း လိုအပ်သည်များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီ ပေးသွားမှာဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ဘာသာရပ်ဆိုင်ရာသင်တန်းနည်းပြများမှ သင်ကြားပို့ချမည့်အကြောင်းအရာနှင့် မိတ်ဆက်စကား ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်