Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်မှာကြား


02 Jan,2025

နေပြည်တော် ဇန်နဝါရီ ၂

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြော ကြားရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွက် ရည်ညွှန်းဈေးနှုန်းများ ထပ်မံထုတ်ပြန်ပေးနိုင်ရေးနဲ့ ယခုဘဏ္ဍာနှစ်အတွက် ကျန်ရှိတဲ့ ၃ လအတွင်း ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးနိုင်ရေး ရည်ရွယ်၍ အစည်းအဝေး ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အ လိုက် ထောက်ခံပေးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ မြေဩဇာတန်ချိန် ၁၄၀၃၁၄၈.၂၁ တန်နဲ့ ပိုးသတ်ဆေးတန်ချိန် ၂၆၀၄၁.၆၀ တန် တင်သွင်းခဲ့ပါကြောင်း၊ ယခုဘဏ္ဍာနှစ် တင်သွင်းရန် ကျန်ရှိသော မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များကိုလည်း ဆက်လက် စိစစ်ထောက်ခံပေး သွားမည် ဖြစ်ကြောင်း၊

          ဒါကြောင့် ဆောင်ရွက်မဲ့အစီအစဉ်များကို မြေဩဇာအသင်းမှ ကုမ္ပဏီအလိုက် သတ်မှတ် ပမာဏအတိုင်း တင်သွင်းနိုင်မှု ရှိ/မရှိ ကြီးကြပ်ရန်၊ အမှန်တကယ် ဆောင်ရွက်သည့်ကုမ္ပဏီများကို မျှတစွာတင်သွင်းနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခင်ထုတ်ပြန်ထားသော ရည်ညွှန်း ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ သတ်မှတ်ကာလပြည့်ခဲ့ပြီဖြစ်၍ ဈေးနှုန်း ထပ်မံသတ်မှတ်နိုင်ရေး ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားလို ကြောင်း၊ ယခုသတ်မှတ်မဲ့ရည်ညွှန်း ဈေးနှုန်းတွေဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လ များမှာ ရောင်းချပေးနိုင်မဲ့ ဈေးနှုန်းများပဲ ဖြစ်ပါကြောင်း၊ ဦးဆောင်ကော်မတီအနေနဲ့ ရည်ညွှန်း ဈေးနှုန်းများ ထုတ်ပြန်ပေးတဲ့အခါတိုင်းမှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် များရှိ အရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ် ကြီးကြပ် ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/ မမှန်၊ သွင်းအားစုများ သိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ တို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရအဖွဲ့များထံ ထည့်သွင်းညှိနှိုင်းပေးလျက် ရှိပါကြောင်း၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များကလည်း ဆိုင်ရာဌာန/ အဖွဲ့များ အားလုံးနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊

          ယခုဘဏ္ဍာနှစ် ဆောင်ရွက်ချက်များထဲမှ အားသာချက်၊ အားနည်းချက်များကို လေ့လာ သုံးသပ်ပြီး လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပိုမိုကောင်းမွန်အောင် ကြိုတင်ဆောင်ရွက် ရမည့်ကိစ္စများ စီစဉ်ဆောင်ရွက်ထားကာ ဦးဆောင်ကော်မတီသို့ အချိန်မီတင်ပြပေးရန် ပြောကြား လိုပါကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာ စေရေးတို့အတွက် သက်ဆိုင်ရာအဖွဲ့ဝင်ဌာနများက ပူးပေါင်းကြီးကြပ် ဆောင်ရွက်ပေးရန် ပြောကြား သည်။

ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် မြန်မာ နိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များအသင်းမှ ကိုယ်စားလှယ်တို့က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (၃) လအတွက် ကုမ္ပဏီအလိုက်တင်သွင်းမည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ အတည်ပြု မှတ်တမ်းတင်ပေးရန်နှင့် နိုင်ငံတကာဈေးနှုန်း အခြေအနေများ၊ မြေဩဇာဈေးနှုန်းများနှင့် ဝယ်ယူ ဖြန့်ဖြူးရောင်းချ အသုံးပြုမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ် တို့က ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အလယ်ကျွန်းကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်း လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်သားတောင်သူ ဦးဇော်ရဲအောင်၏ RAKA 666 ဝါ စိုက်ခင်း (၂) ဧက ခူးဆွတ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီး ရွှေဝါထွန်း လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်သား တောင်သူများ၊ အမှုဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မိုးဝါ၊ မိုးနှောင်းဝါ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ နွေစပါး စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး၊ အထွက် တိုး ဝါမျိုးကောင်းမျိုးသန့်များ ရာသီအလိုက် အချိန်မီရရှိရေးနှင့် သွင်းအားစုအချိန်မီ ရရှိရေးတို့ အတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး အသင်းသားတောင်သူများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရွှေဝါထွန်း လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ ဝါစိုက်အသင်သား တောင်သူများအနေဖြင့် တစ်ဧကလျှင် အနည်းဆုံး ၆၀၀ ပိဿာမှ အများဆုံး ၁၁၀၀ ပိဿာ ထွက်ရှိပြီး တစ်ပိဿာပေါက်ဈေးမှာ ငွေကျပ် ၄၅၀၀ ရရှိကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်