နေပြည်တော် ဒီဇင်ဘာ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ကံကလေး ကျေးရွာအုပ်စု၊ ကံကလေးကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ပေ (၁၁၈၀) ကွန်ကရစ်ဘောင်စီ၊ မြေရောကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ကျောင်းကုန်း မြို့နယ်တွင် သမဝါယမစနစ်ဖြင့် နေကြာ (၆၁၉) ဧက ပါဝင်စိုက်ပျိုးထားပြီဖြစ်ရာ ပန်းတိုင်အထွက် နှုန်းရရှိအောင် စိုက်ပျိုးကြရန်၊ ရိုးသားကြိုးစား ဧရာဝတီဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသဖွံ့ဖြိုး ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားပြီး ကျေးရွာရှိ မူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ရရှိရေး၊ ကျေးလက်ကုန်ထုတ် လမ်း ဖောက်လုပ်ပေးရေး၊ ကျေးရွာမီးလင်းရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကန်ကြီးထောင့်မြို့နယ်၊ သဘော့ချောင်းကျေးရွာသို့ သွား ရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၅၅၀ ဝပ် ဆိုလာ ၁၄ ချက်ကို ၈ လက်မ Incline Pump တွဲ၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးခြင်းကြောင့် သဘော့ချောင်းကျေးရွာမှ တောင်သူဦးသက်ပိုင်စိုး၏ ရေကျနောက်စိုက် လယ် (၁၀) ဧကတွင် ဆင်းသုခစပါးမျိုး စိုက်ပျိုးထားမှုကိုလည်းကောင်း၊ အခြား တောင်သူများ၏ စိုက်ဧက (၂၀) ကိုလည်းကောင်း အကျိုးပြုလျက်ရှိပြီး ၎င်းစိုက်ပျိုးရေဖြင့် နွေစပါး စိုက်ပျိုးရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယမန်နှစ် နွေစပါး တစ်ဧက အထွက်နှုန်း တင်း (၁၂၀) ရရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ပြီး (၃) ထပ် ကျောင်းသားအိပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်