Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြင်ဦးလွင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


06 Dec,2024

နေပြည်တော် ဒီဇင်ဘာ ၆

      သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ကြီးကိုင်ကျေးရွာ အခြေခံ ပညာမူလန်းကျောင်းသို့ရောက်ရှိပြီး စာသင်ကျောင်းအတွင်း၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရေသန့်စင်စနစ်လည်ပတ်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်လျက်ရှိရာ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည့်အတွက် ယခုကဲ့သို့ သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာန အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ကျေးရွာနေပြည်သူများအနေဖြင့်လည်း လုပ်ငန်း များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လိုအပ်သည့် လည်ပတ်ပြုပြင်ထိန်းသိမ်းရေးလု်ပငန်များ ကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေဖြင့် ကြီးကိုင်ကျေးရွာ ကျေးရွာတွင်းလမ်း ဘေးဝဲ/ယာများ၌ အုတ်စီရေမြောင်းနှင့် Slab Culvert တံတားတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြီးကိုင်ကျေးရွာ ယာယီရှင်းလင်းဆောင်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် သံဂဟေဆက် သင်တန်းဆင်း သူများ၊ ဒေသခံပြည်သူများ နှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက  မိမိတို့ဝန်ကြီးဌာန အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက် လုပ်ကိုင်နိုင်ကာ ဝင်ငွေများ ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ်လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်း သုံးပစ္စည်းများ မတည်ရင်းနှီးပေးလျက်ရှိကြောင်း၊ ဒါ့အပြင် နိုင်ငံတော်အစိုးရမှ လူသားအရင်း အမြစ်များ မွေးထုတ်ပေးသည့်အနေဖြင့် ကျေးရွာများရှိ Grade-9 အောင်မြင်ပြီးသူများကို မန္တလေး၊ ပုသိမ်၊ မကွေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက် ပြီးပါက ထူးချွန်သူများ အနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများနှင့် သင်တန်းသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားများ၏ သံဂဟေဆက်လုပ်ငန်းကို ကြည့်ရှုအားပေးကာ လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက် သွားရန်ဆွေးနွေးမှာကြားပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ သင်္ဂတုံကျေးရွာ၌ ပြင်ဦးလွင် နို့စားနွားမွေးမြူရေးသမဝါယမအသင်းလီမိတက်၏ နို့စားနွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နွားကောင်ရေများ ပိုမိုတိုးချဲ့ မွေးမြူဆောင်ရွက်နှင့် နို့နှင့် နို့ထွက် ပစ္စည်းများကို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သမဝါယမအသင်းစုအနေဖြင့် လိုအပ်သည့် အရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေး သွားရန်၊ နို့စားနွားများ မွေးမြူရာတွင် မိရိုးဖလာစနစ် မွေးမြူခြင်းထက် စနစ်ကျနသည့် မွေးမြူခြင်း စနစ်ဖြင့် မွေးမြူကြရန်နှင့် လိုအပ်သည့် ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံကြရန် ဆွေးနွေး မှာကြားပြီး အသင်းသားများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးကာ နို့စားနွားများ မွေးမြူထားမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြင်ဦးလွင်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရန်၊ မိမိလုပ်ငန်းတာဝန်များကို စေတနာထားလုပ်ဆောင်ကြရန်၊ နိုင်ငံတော် အပေါ် သစ္စာရှိရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ငါးရွာ၊  လူဦးရေ ၃၈၀၀ ကျော်နှင့် စိုက်ဧက ၅၀၀၀ ဧကတို့ကို အကျိုးပြုပေးလျက်ရှိသည့် ပြင်ဦးလွင် မြို့ရှောင်လမ်းမှ နောင်လှိုင် ကျေးရွာ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျန်ရှိသည့် လမ်းပိုင်းများအား ဆက်လက်ဆောင်ရွက်နိုင်ရေး လျာထားတင်ပြသွားရန်နှင့် ကျေးရွာလမ်း ကော်မတီဝင်များ ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကြစေလိုကြောင်း၊ ကျေးရွာတောင်သူများ၊ အသင်းသားတောင်သူများ ကိုယ်တိုင်က မိမိတို့ ကိုယ်တိုင်နှင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့်စိတ်များ မွေးမြူ ကြရမှာဖြစ်ကြောင်း၊ အများအကျိုးရပ်ရွာအကျိုးအတွက် အသင်းသားများ ပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အကျင့်ကောင်းများရှိရမှာဖြစ်သလို သတ်မှတ်စည်းကမ်းများကိုလည်း လိုက်နာ ရမှာဖြစ်ကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိမ်းသိမ်းကြရန်လိုအပ် ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်