နေပြည်တော် ဒီဇင်ဘာ ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် စီမံကိန်း (၂) ခု အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ Second Secretary Mr. Zhang Zhonghua၊ သက်ဆိုင်ရာဌာနများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ကျေးလက်ဒေသထွက်ကုန်ကြမ်းများကို အခြေခံ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအထူးရန်ပုံငွေ (၂၀၂၄) ၏ စီမံကိန်း ၂ ခုဖြစ်သော “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများမြှင့်တင်ခြင်းစီမံကိန်း” နှင့် “အသေးစားလုပ်ငန်းများ မြှင့်တင်ခြင်း နှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့်အငယ်စား စက်မှု လုပ်ငန်းများ၏ ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ခြင်း စီမံကိန်း” တို့ကို ဆောင်ရွက်ခွင့် ရရှိခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်း(၂)ခုကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ (၂)နှစ်တာ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
အဆိုပါ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင် ခြင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ခြင်း၊ ကုန်ထုတ် လုပ်ငန်းရှင်များနှင့် ပြည်သူများအနေဖြင့် Food Safety ဆိုင်ရာ အသိပညာများကို ကျယ်ကျယ် ပြန့်ပြန့် သိရှိလာစေခြင်း၊ နိုင်ငံအတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝများကို မြှင့်တင် ပေးရာရောက်ပြီး နိုင်ငံတော်၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊
ထို့အပြင် အသေးစားနှင့် အငယ်စားစက်မှုလုပ်ငန်းများအတွက် ဒီဂျစ်တယ်နည်းပညာ အကူ အညီများ ပေးနိုင်ခြင်း၊ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာများတိုးတက်လာစေခြင်း၊ အသေး စားကုန်ထုတ်လုပ်ငန်းများ ခေတ်နှင့်လျော်ညီစွာ ဒီဂျစ်တယ်အသုံးပြုမှု စွမ်းရည်မြင့်မားလာစေခြင်း၊ ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေခြင်းတို့ကြောင့် ကုန်ထုတ်လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြု နိုင်မည်ဖြစ်ပါကြောင်း၊ “အသေးစားလုပ်ငန်းများ မြှင့်တင်ခြင်းနှင့် ဒီဂျစ်တယ်စီးပွားရေး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့်အငယ်စား စက်မှုလုပ်ငန်းများ၏ ဒီဂျစ်တယ် နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ခြင်း စီမံကိန်း” ဖြင့် Online မှတ်ပုံတင်ပလက်ဖောင်းတစ်ခု တည်ထောင်ခြင်း၊ ဒီဂျစ်တယ်ဈေးကွက် e-Commerce ပလက်ဖောင်းအား အဆင့်မြှင့်တင်ခြင်း၊ ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက် TဝT သင်တန်းပေးခြင်း၊ ဌာနမှ နည်းပြ များဖြင့် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ပြည်ပမှ ဒီဂျစ်တယ်စီးပွားရေးဆိုင်ရာ ပညာရှင်များကိုဖိတ်ကြားပြီး အတွေ့အကြုံများနှင့် နည်းပညာ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ e-Commerce စနစ်ဆောင်ရွက်ထားရှိမှုနှင့် ဒီဂျစ်တယ်နည်းပညာ များကို လေ့လာရန် တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစေလွှတ်ခြင်း၊ စီမံကိန်းစောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်း (M&E) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေရရှိအောင် ကူညီဆောင်ရွက်ပေးသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် အမှာ စကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr. Zhang Zhonghua နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) တာဝန်ရှိသူတစ်ဦးတို့မှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်မည့် စီမံကိန်း (၂) ခုနှင့်စပ်လျဉ်း၍ အသီးသီး အမှာ စကားပြောကြားခဲ့ကြသည်။
ယင်းနောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်း (၁၅) ခုတွင် (၉) ခု၏ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆောင်ရွက်ဆဲလုပ်ငန်း အခြေအနေများအား Video Clip ဖြင့် ပြသရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများဖြစ်သော “စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများမြှင့် တင်ခြင်းစီမံကိန်း” ဖြင့် တရုတ်နိုင်ငံမှ ပညာရှင်အားဖိတ်ခေါ်ပြီး ဌာနရှိ နည်းပြများကို TဝTသင်တန်း ပေးခြင်း၊ ဌာနရှိ နည်းပြများက ကျေးလက်နှင့်မြို့ပြရှိ အသေးစားကုန်ထုတ်လုပ်ငန်းရှင်များကို စား သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ MSME Business Plan Training နှင့် Food Safety Training သင်တန်းများပေးခြင်း၊ စီမံကိန်းစောင့်ကြည့်လေ့လာ အကဲ ဖြတ်ခြင်းများ (M&E) ပြုလုပ်ခြင်း၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ အသိပညာများ ပိုမိုသိရှိလာ စေရေးအတွက် လေ့လာရေးခရီး စေလွှတ်ခြင်းတို့ ဆောင်ရွက်သွားဖြစ်ကြောင်း သိရှိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်