နေပြည်တော် နိုဝင်ဘာ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းဆိုင်ရာ” သင်တန်းဆင်း အောင်လက်မှတ်များနှင့် လုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် စီးပွားရေးဦးတည်ချက် ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြုပြီး MSME လုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များထဲက “ထုတ်ကုန်များကို ပြည်ပပို့ကုန်များအဖြစ် တိုးမြှင့် ထုတ်လုပ်ဆောင်ရွက်နိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ တိုးလာပြီး နိုင်ငံ့စီးပွားတိုးတက်လာနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး” ဆိုသည့် လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဌာနက ယခုကဲ့သို့ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ” နည်းပညာသင်တန်းများ ဖွင့်လှစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း၊
ယခုအခါ ပုံမှန်ဖွင့်နေကျ အသက်မွေးဝမ်းကျောင်းသင်တန်းများအပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ်မှစပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေး စီမံကိန်းသင်တန်းများကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျေးရွာပေါင်း (၁၅၁) ရွာတွင် သင်တန်းပေါင်း (၁၅၁) ခု ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းရှင် (၇၅၅) ဦးကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးအပ်ကာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ဝင်ငွေတိုးစီမံကိန်းကို ရုံးချုပ်၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ ကျေးရွာပေါင်း (၂၂၁)ရွာကို ရွေးချယ်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်အရ သင်တန်းများကို ရွေးချယ်ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့ထိ ကျေးရွာပေါင်း(၁၇၅) ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယနေ့ လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲတွင် စက်ပစ္စည်းများ လက်ခံရယူပြီး လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် သင်တန်းက သင်ကြားပေးလိုက်သည့် ပညာရပ်များပေါ်အခြေခံကာ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် မိမိထုတ်ကုန်၏ အရည်အသွေးနှင့် ထုပ်ပိုးမှုစနစ်မြင့်မားအောင် လုပ်ဆောင်မှသာ ဈေးကွက်ရရှိမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကျေးရွာပေါင်း(၁၆)ရွာတွင် လုပ်ငန်းရှင်(၇၈)ဦးကို အသေးစားလုပ်ငန်းများ ထူထောင်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်းမှာ ပြည်ထောင်စုဘတ်ဂျက်ဖြင့် ကျေးရွာ(၉)ရွာ၊ နေပြည်တော်ကောင်စီဘတ်ဂျက်ဖြင့် ကျေးရွာ(၅)ရွာ၊ စုစုပေါင်းကျေးရွာ(၁၄)ရွာကို ဝင်ငွေတိုးစီမံကိန်း ဆောင်ရွက်ပေးမည်ဖြစ်သော ကြောင့် အသေးစားလုပ်ငန်းရှင် (၇၀) ဦး ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာ၊ ဈေးကွက်၊ အရင်းအနှီး ရရှိအောင် နိုင်ငံတော်က အဖက်ဖက်က ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ MSME ချေးငွေထုတ်ချေးပေးနိုင်ရေးကို လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော် ဒေသထွက်ကုန်ပစ္စည်းများ တစ်နေရာတည်းတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့မဈေးရှိ ဆိုင်ခန်း (၁၅) ခန်းတွင် MSME လုပ်ငန်းရှင်များ၏ တိုင်းဒေသကြီး/ ပြည်နယ် ဒေသထွက်ကုန်ပစ္စည်းများကို ပြသ ရောင်းချပေးလျက်ရှိကြောင်း၊ ထို့ပြင် မာရဝိဇရဘုရားပွဲတွင်လည်း MSME ဆိုင်ခန်းပေါင်း (၁၅)ခန်း ပါဝင်ရောင်းချခဲ့ပြီး အချို့ဆိုင်များတွင် ထုတ်ကုန်ပစ္စည်းများ ပြတ်တောက်သည့်နည်းပါး ရောင်းချ နိုင်ခဲ့ပါကြောင်း၊ ဒီဇင်ဘာလတွင်ကျင်းပမည့် အမျိုးသားအားကစားပွဲတော်တွင်လည်း တိုင်းဒေကြီး/ ပြည်နယ်များက လာသည့် အားကစားသမားများနှင့် ပြည်သူများအတွက် MSME အရောင်းဆိုင်ခန်း များ ပြသရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသို့ သွားရောက်ပြီး အသင်းပိုင်မြေ (၂၀) ဧကတွင် GW-11 စပါးမျိုး စိုက်ပျိုးထားမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လာမည့်ဆောင်းသီးနှံ အတွက် ပန်းစိမ်း၊ မတ်ပဲ၊ နေကြာ စိုက်ပျိုးကြရန်နှင့် နွေးစပါး စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။