ငဖဲ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဇီးတောကြီးကျေးရွာတွင် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဇီးတောကြီးကျေးရွာ၌ မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်းက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးတောကြီးကျေးရွာ၌ အရှည် ၃၅၉၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ် ၃၈ သိန်း ၊ စုစုပေါင်းငွေကျပ် ၁၈၈ သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးပြည့်စုံဟိန်းထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။