Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


23 Aug,2022

နေပြည်တော် ဩဂုတ် ၂၃

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Online စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (Consortium အဖွဲ့)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချရေး ဦးဆောင် ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးကဏ္ဍ သွင်းအားစု လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆန်စပါး၊ ပဲတီစိမ်းနှင့် နေကြာသီးနှံအပါအဝင် ဆီထွက် သီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသည့် စံချိန်စံညွှန်းပြည့်ဝသော ယူရီးယားမြေဩဇာများအား ဈေးနှုန်းသက်သာစွာ အချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ဓာတ်မြေဩဇာများ ပြည်ပမှတင်သွင်း နိုင်ရေးအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကို ထောက်ခံ‌ပေးလျက်ရှိပြီး ၁၁--၂၀၂၂ ရက်မှ ၁၂--၂၀၂၂ ရက်အထိ ယူရီးယား တန်ချိန် ၃၄၉,၀၅၅ တန်နှင့် ကွန်ပေါင်းတန်ချိန် ၄၇၅,၂၁၅ တန်တို့ကို ထောက်ခံပေးထားပြီး ဖြစ်ပါကြောင်း၊ တင်သွင်းပြီးတန်ချိန် ၁၇၇,၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅,၀၀၀ ခန့်‌ ရောင်းချပြီး ဖြစ်ပါကြောင်းနှင့် တင်သွင်းရန်ကျန်ရှိနေသော မြေဩဇာများအား အချိန်မီတင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

ထို့ပြင် အကျိုးတူလယ်ယာစနစ် (Contract Farming) စနစ် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်တောင်သူများ၊ နေကြာနှင့် အခြားသီးနှံစိုက်ပျိုးသော တောင်သူများအား သွင်းအားစုများ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်မှုနှင့် လက်ရှိအခြေအနေ၊  ထပ်မံဝယ်ယူရမည့် တန်ချိန်များကို တွက်ချက်ပြီး လက်ဝယ်ရောက်ရှိသင့်သည့်ကာလနှင့် အချိန်ကိုက်ဖြစ်စေရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊

နွေစပါးနှင့် ဆောင်းသီးနှံအတွက် လိုအပ်သော ဓာတ်မြေဩဇာများအား အမြန်တင်သွင်းနိုင် ရန်နှင့် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သတ်မှတ်ချိန်အမီ သုံးစွဲနိုင်ရန်၊ နေကြာစိုက် တောင်သူများအား လာမည့် အောက်တိုဘာနဲ့ နိုဝင်ဘာလများတွင် ပံ့ပိုးပေးနိုင်ရန်တို့အတွက် ဆောင်ရွက်မည့်အစီအစဉ်များ ပြန်လည်ဆွေးနွေးတင်ပြပေးရန်နှင့် ဦးဆောင်ကော်မတီ၏ အဓိက ရည်ရွယ်ချက်မှာ ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် နိုင်ငံခြားငွေဝယ်ယူခွင့်ရရှိရေး မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆွေးနွေးပေးနိုင်ရန်နှင့် လိုအပ်သည်များရှိပါက ဦးဆောင်ကော်မတီသို့ အချိန်မီတင်ပြပေးကြရန် ပြောကြားပါသည်။

ထို့နောက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၊ အတွင်းရေး မှူး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် Consortium အဖွဲ့ တာဝန်ရှိသူတစ်ဦးတို့က ဦးဆောင် ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေ ဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချဈေးနှုန်းများအားလည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းဆိုင်ရာများ ဖြည့်စွက်ဆွေးနွေး တင်ပြကြပါသည်။

ဆက်လက်၍  တက်ရောက်လာကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တက်ရောက်လာသူများ၏ ဝိုင်းဝန်းဆွေးနွေးမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ကျေးလက်ဒေသ စိုက်ပျိုးထုတ်လုပ်မှုများ ပြန်လည်ဦးမော့လာစေရန်နဲ့ စားနပ်ရိက္ခာဖူလုံမှုကို မြှင့်တင်ပေးနိုင်စေရန် အတွက် အစိုးရ-ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် ကျေးလက်စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကလိုအပ်ချက်ဖြစ် သည့် ယူရီးယားမြေဩဇာသွင်းအားစုများ အချိန်မီ တင်သွင်းဝယ်ယူဖြန့်ဖြူးရောင်းချရေး အစီအစဉ် မှာ အရေးကြီး၍ သက်ဆိုင်ရာတာဝန်ရှိသူ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm