Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရာပြည့်သဘင် ဆင်ယင်ကျင်းပတော့မည့် မြန်မာ့အင်ဂျင်နီယာပညာရေး


18 Nov,2024

ရာပြည့်သဘင် ဆင်ယင်ကျင်းပတော့မည့် မြန်မာ့အင်ဂျင်နီယာပညာရေး

 

၁၉၂၄ ခုနှစ်တွင် စတင်ခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသည် မကြာမီရက်ပိုင်းအတွင်း နှစ် ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး ရာပြည့်သဘင်ကျင်းပဖို့ အင်ဂျင်နီယာအသိုက်အဝန်းတစ်ခုလုံး တက်တက် ကြွကြွ လှုပ်ရှားလုပ်ကိုင်နေကြပြီဖြစ်သည်။

 မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီတွင် စာရေးသူလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရခဲ့သည်။ ပါဝင်ခွင့်ရလို့လည်း ပီတိဖြစ်မိရသည်။ ဦးစီးကော်မတီမှ ဦးဆောင်ပြီး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ရာပြည့်သဘင်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ နိုင်ရေး အကြိမ်ကြိမ်ညှိနှိုင်းကြ၊ ဆွေးနွေးကြ၊ ဆောင်ရွက်ကြဖြင့် အားရဖွယ် တွေ့မြင်ခဲ့ရပါသည်။ ရာပြည့် သဘင်အခမ်းအနားတွင် အင်ဂျင်နီယာနည်းပညာနှင့် ပညာရေးဖိုရမ် (Engineering Technology and Education Forum)လည်း ကျင်းပမည်ဖြစ်ရာ ဖိုရမ်၏ Main Theme ဖြစ်သည့်ဆောင်ပုဒ်ကို တာဝန်ရှိသူ များမှ ဦးစွာ စဉ်းစားဆွေးနွေးဖြစ်ကြသည်။

ဖိုရမ်ဆောင်ပုဒ်

          သက်ဆိုင်သူအစိုးရအဖွဲ့အစည်းများ၊ အသင်းအဖွဲ့၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီတို့မှ အကြံပြုချက်များဖြင့် ဝိုင်းဝန်းဆွေးနွေးအတည်ပြုခဲ့သည့် ဆောင်ပုဒ်ကတော့

 

အင်ဂျင်နီယာနှင့် နည်းပညာစွမ်းပကားများဖြင့် ပိုမိုတောက်ပသောမြန်မာ့အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့

Creating the Brighter Future of Myanmar together by the strength of Engineering & Technology”

ဟူ၍ ဖြစ်ပါသည်။

          ဆောင်ပုဒ်ရဲ့အဓိပ္ပါယ်က အင်ဂျင်နီယာများအနေဖြင့် ပိုမိုတောက်ပကောင်းမွန်သည့် မြန်မာနိုင်ငံ၏ အနာဂတ်ကို အတူတကွ တည်ထောင်ကြဖို့ဖြစ်ပါသည်။ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မရ၊ ပူးပေါင်းဆောင်ရွက်မှ ရနိုင်မည်ကို မီးမောင်းထိုးပြလိုသည့်အတွက် အတူတကွဟု ဆိုထားခြင်းဖြစ်ပါသည်။ အတူတကွ ကြိုးစားကြရပါမည်။ သေသေချာချာ လေ့လာကြည့်သည့်အခါ အင်ဂျင်နီယာပညာရပ်နှင့် ကင်းကွာသည့် နယ်ပယ်ဟူ၍ မရှိသည်ကို အံ့ဩဖွယ် တွေ့ရှိရပါသည်။

အင်ဂျင်နီယာပညာရပ်များနှင့်ဆက်နွှယ်ရာနယ်ပယ်ကဏ္ဍများ

          အမှတ်တမဲ့ ကြည့်လျှင် တည်ဆောက်ရေး၊ ထုတ်လုပ်မှုနှင့် နည်းပညာကဏ္ဍများနှင့်သာ ဆက်စပ် မည်ဟုထင်ဖွယ်ရာရှိသည်။ သို့သော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှသည် စီမံခန့်ခွဲမှုနယ်ပယ်၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာပညာ၊ စစ်ပညာတို့အပါအဝင် အထည်အလိပ်၊ သတ္ထု၊ ဆေးဝါး၊ မြို့ပြ၊ လျှပ်စစ်၊ ရေကြောင်း၊ လေကြောင်းတို့အဆုံး လူမှုဘဝပတ်ဝန်းကျင်ရှိ ရှင်သန်ရပ်တည်မှုအရာရာသည် အင်ဂျင်နီယာပညာရပ်များ နှင့် နှီးနွှယ်နေခဲ့သည့်အပြင် အင်ဂျင်နီယာဘာသာရပ်များအနေဖြင့်လည်း အမျိုးခွဲများစွာရှိနေသည်ကို တွေ့ ရှိရပါသည်။ ကမ္ဘာတစ်ဝန်း ဘွဲ့၊ ဒီဂရီ(Degree)များ ပေးအပ်လျက်ရှိသည့် အင်ဂျင်နီယာပညာရပ်ပေါင်း (၅၀) ကျော်အထိရှိပြီး အဓိကအနေဖြင့်မူ မြို့ပြ၊ စက်မှု၊ လျှပ်စစ်စွမ်းအား၊ အီလစ်ထရွန်းနစ်၊  သဘာဝပတ်ဝန်းကျင် လေကြောင်း/ အာကာသပညာ၊ ကွန်ပျူတာ၊ ဓာတု၊ ချည်မျှင်နှင့် အထည်အလိပ်၊ သတင်းအချက်အလက် နည်းပညာ၊ စက်မှုလျှပ်စစ်၊ ဓာတ်သတ္ထုတူးဖော်ရေး၊ ရေနံ၊ သတ္ထုဗေဒ၊ ဇီဝနည်းပညာ၊ ဗိသုကာ၊ ဘူမိဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ ရေကြောင်းပညာ၊ စိုက်ပျိုးရေး စသည်ဖြင့် အမျိုး (၂၀)ကျော်ခန့်ရှိပါသည်။ ယင်းတို့အောက်တွင် ဘာသာရပ်ခွဲပေါင်းများစွာ ရှိသေးသည်ကို တွေ့ရသည်။

ကွန်ပျူတာအင်ဂျင်နီယာဆိုပါစို့ ကွန်ပျူတာသိပ္ပံအင်ဂျင်နီယာ၊ Hardware အင်ဂျင်နီယာ၊ Software အင်ဂျင်နီယာစသည်ဖြင့် အခွဲများစွာရှိသေးသည်။ ဇီဝနည်းပညာဆိုလျှင်လည်း ဇီဝဆေးပညာအင်ဂျင်နီယာ၊ ဇီဝဗေဒအင်ဂျင်နီယာ၊ ဇီဝဓာတုအင်ဂျင်နီယာစသည်ဖြင့် ရှိသေးသည်။ အခြားဘာသာရပ်များဖြစ်သော ဆေးဝါးဗေဒဆိုင်ရာအင်ဂျင်နီယာ၊ စီမံခန့်ခွဲမှုအင်ဂျင်နီယာ၊ ထုတ်လုပ်မှုအင်ဂျင်နီယာစသည်စသည်တို့ ကလည်း မနည်းမနော။ ချုပ်၍ဆိုရလျှင်မူ အင်ဂျင်နီယာပညာရပ်အားလုံးသည် လူသားအကျိုးပြု၊ နိုင်ငံ အကျိုးပြုပညာရပ်များချည်းဖြစ်သည်ဟူသည့်အချက်ပင်တည်း။

အင်ဂျင်နီယာပညာရှင်များအနေဖြင့် လူသားတွေ လုံခြုံနွေးထွေးစွာ နေထိုင်နိုင်ဖို့၊ သဘာဝဘေးတွေ ကနေ ကာကွယ်နိုင်ဖို့ အဆောက်အဦတွေ တည်ဆောက်ပေးနိုင်သကဲ့သို့ တစ်နေရာမှ တစ်နေရာ၊ ဒေသ တစ်ခုမှ တစ်ခုနှင့် ကမ္ဘာတစ်ဝှမ်းကို ဆက်သွယ်သွားလာနိုင်မည့်လမ်းတွေ၊ တံတားတွေ၊ ရထားလမ်းတွေ၊ ဖောက်လုပ်ပေးနိုင်သည်။ ထိုလမ်း၊ တံတားများပေါ်အသုံးပြုသွားလာမည့် ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် တွေကို တီထွင်တည်ဆောက်ပေးနိုင်သည်။ ဆက်သွယ်ရေးနည်းပညာဖြင့် ဆက်သွယ်ပြောဆို၍ ရအောင်၊ ရုပ်မြင် အသံကြားရအောင်၊ သတင်းအချက်အလက်တွေ ပေးပို့နိုင်အောင် ဖန်တီးပေးနိုင်သည်။

          လူတို့၏ဝတ်စားဆင်ယင်မှုအတွက် အထည်အလိပ်တွေ တီထွင်ထုတ်လုပ်နိုင်သည့်အပြင် လူသားတို့ အဝတ်အထည်အစားအသောက် ဖူလုံစွာရရှိရေး၊ ဘေးကင်းစွာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့်စက် ပစ္စည်းများ၊ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းရေးအတွက် ထိရောက်မှုရှိသောအရည်အသွေးမြင့် စက်ကိရိယာများ ကိုလည်း ထုတ်လုပ်ပေးနိုင်သည်။ နယ်ပယ်စုံကဏ္ဍစုံအတွက် အရေးကြီးသည့်စက်ပစ္စည်းများ ထုတ်လုပ်ပြီး စွမ်းရည်မြင့်မားအောင်ဆောင်ရွက်ပေးနိုင်သည့်အပြင် ရေအရင်းအမြစ် သိုလှောင်သိမ်းဆည်းနိုင်ရန်၊ ရေကြီး ရေလျှံမှုများမှ ကာကွယ်နိုင်ရန် ဆည်များ၊ ရေကာတာများ တည်ဆောက်ပေးနိုင်သည်။ မြေပေါ်သာမက မြေအောက်ရှိ တွင်းထွက်သယံဇာတများကို လူသားတို့ အကျိုးရှိစွာအသုံးချနိုင်ရန် ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်သည်။

          မြို့ပြများ၊ ကျေးရွာများ တည်ဆောက်ရာတွင် လိုအပ်သည့် ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စက်ရုံ အလုပ်ရုံများအတွက် လိုအပ်သည့်ရေနှင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးနိုင်သကဲ့သို့ သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးကိုလည်း နည်းပညာပိုင်းမှ ပံ့ပိုးဆောင်ရွက်ပေးနိုင်ပြန်ပါသည်။ လူသားတို့အတွက် မရှိမဖြစ် ဖြစ်သော သန့်စင်သော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ပေးနိုင်ပါသည်။ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသည့် ရေဆိုးအညစ်အကြေးတွေကို သန့်စင်ပေးနိုင်သကဲ့သို့ လူမှုဝန်းကျင်အတွက် လူနေအိမ်များ၊ ကျောင်းများ၊ ဆေးပေးခန်းများ၊ ဆေးရုံများတည်ဆောက်ပေးနိုင်ပြီး ၎င်းတို့က ထွက်ရှိသည့် အညစ်အကြေး များကိုလည်း သန့်စင်ပေးနိုင်သည်ပင်။

          ဤသို့နယ်ပယ်စုံ၊ ကဏ္ဍစုံကို အကျိုးပြုနိုင်သည့် အင်ဂျင်နီယာပညာရပ်များ၏အစ အင်ဂျင်နီယာ ပညာရေးသည် စာရေးသူတို့နိုင်ငံတွင် ၁၉၂၄ခုနှစ်၏ရှေ့ဦးကပင် ရှိခဲ့ပြီဟု ဆိုရပါမည်။

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသမိုင်း စတင်အခြေတည်ခြင်း

          အင်းစိန်စက်မှုလက်မှုပညာသင်ကျောင်း Government Engineering School အဖြစ် ၁၈၉၅ခုနှစ်၊ ဧပြီလ () ရက်နေ့တွင် ရန်ကုန်မြို့၊ လမ်းမတော် ဘူတာရုံအနောက်ဘက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြီး ၁၈၉၈ ခုနှစ်တွင် အဆိုပါနေရာမှ အင်းစိန်ဘူတာအရှေ့ဘက်သို့ နေရာပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ထိုစဉ်က Government School of Engineering ဟု ခေါ်ဆိုခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၁၉၀၈ခုနှစ်တွင် အင်းစိန် ရွာမရှိ ယခုလက်ရှိနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး Government School of Engineering and Technical High School ဟုခေါ်ဆိုခဲ့သည်။ ၁၉၁၂ ခုနှစ်မှစ၍ Government Technical Institute- GTI ဟု ပြောင်းလဲခေါ်ဆိုခဲ့ကြောင်း သိရှိရသည်။

          အင်ဂျင်နီယာပညာဌာနဟူ၍ တိတိပပ ပေါ်ပေါက်လာသည်ကတော့ ၁၉၂၄ခုနှစ်မှဖြစ်သည်။ ၁၉၂၄-၁၉၂၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အင်ဂျင်နီယာပညာရေး၏ အစတွင် အချို့သောလက်တွေ့သင်ကြားမှုများကို အင်းစိန်စက်မှုလက်မှုသိပ္ပံရှိ အလုပ်ရုံများတွင် သင်ကြား ပြသခဲ့ကြောင်း သိရှိရပါသည်။

မြို့ပြအင်ဂျင်နီယာသင်တန်းစတင်ဖွင့်လှစ်ခြင်းနှင့် နှစ်၁၀၀အတွင်း မြန်မာအင်ဂျင်နီယာပညာရေး ဖွံ့ဖြိုး တိုးတက်မှုအဆင့်ဆင့်

၁၉၂၃-၁၉၂၄အထိ။    ရန်ကုန်တက္ကသိုလ်တွင် အင်ဂျင်နီယာဌာန Department of Engineering ဖွင့်လှစ် ခဲ့သည်။

၁၉၂၄-၁၉၂၅အထိ။    မြို့ပြင်အင်ဂျင်နီယာသင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

၁၉၂၇ ခုနှစ်         ။    ရန်ကုန်တက္ကသိုလ်အတွင်း၌ပင် BoC College of Mining and Engineering အဆောက်အဦအမည်ဖြင့် သီးခြားခွဲထွက်ခဲ့သည်။

၁၉၄၆ ခုနှစ်         ။    Department of Engineering အား Faculty of Engineering အဖြစ် အဆင့်တိုးမြှင့် ခဲ့ပါသည်။

၁၉၆၁ ခုနှစ်         ။    အင်းစိန်၊ ကြို့ကုန်းရှိစက်မှုတက္ကသိုလ်(ယခုရန်ကုန်နည်းပညာတက္ကသိုလ်)သို့ ပြောင်း ရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်          ။    လက်ရှိအချိန်တွင် နည်းပညာတက္ကသိုလ် (၂၇)ကျောင်း၊ ကွန်ပျူတာတက္ကသိုလ် (၁၉) ကျောင်း၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ()ကျောင်း၊ မြန်မာ နိုင်ငံရေကြောင်းပညာတက္ကသိုလ် ()ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြောင်းနှင့် Polytechnic Universityများကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန် လျာထား ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနထံမှ သိရှိရပါသည်။

          စာရေးသူသည် ၁၉၉၁ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်ဖြင့် တက်ရောက်ခဲ့သူဖြစ်ရာ ယခု အခါအခွင့်ကြုံ၍ အင်ဂျင်နီယာပညာရေး ဖွံ့ဖြိုးလာမှုအဆင့်ဆင့်ကို ပြန်လှန်လေ့လာမိသည့်အခါ ဖြတ်သန်းခဲ့ဖူးသည့်အင်ဂျင်နီယာကျောင်းသားဘဝ အမှတ်တရများကို တရိပ်ရိပ်ပြန်မြင်ယောင်လာမိရသည်။ သည်လိုဆိုပြန်တော့ ဩဘာလမ်းကလည်း လွမ်း စရာ၊ ပင်မဆောင်ကြီးရှေ့ အဝင်လမ်းက စွယ်တော်ပင်တန်းကလည်း မျက်စိထဲ ထင်ရှားလာရသလို အတန်း လစ်ပြီး မိန်း(ရန်ကုန်တက္ကသိုလ်)ထဲ ခြေဆန့်ခဲ့သည့်အချိန်များကိုလည်း လွမ်းမောစရာ ပြန်အမှတ်ရလာ မိရသည်။ ဆရာကြီး၊ ဆရာမကြီးများ၊ သူငယ်ချင်းများ၊ စီနီယာနောင်တော်များ၊ ဂျူနီယာညီငယ်များနှင့် ရင်းနှီးဖြတ်သန်းခဲ့ရသော အခိုက်အတန့်များကို လွမ်းမောစွာ သတိရမိရသည်။

          စာရေးသူတို့ခေတ်နှင့်နှိုင်းယှဉ်လျှင်မူ ကျောင်းတော်ကြီးက များစွာပို၍ ဖွံ့ဖြိုးလာခဲ့ပြီဖြစ်သကဲ့သို့ သင်ကြားမှု သင်ယူမှုစနစ်တွေလည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ တိုးတက်လာမှုများ ရှိသည့်တိုင် နိုင်ငံ တကာနှင့်နှိုင်းယှဉ်လျှင် တိုးမြှင့်ဖို့လိုအပ်နေတာတွေ များစွာ ရှိသေးသည်။ သို့တစေ ဆင်လည်း ဆင့်အထွာ၊ ဆိတ်လည်း ဆိတ်အထွာဆိုသကဲ့သို့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပေတံဖြင့်မူ နှစ် (၁၀၀)အထိ အောင်အောင်မြင်မြင် လျှောက်လှမ်းရပ်တည်လာနိုင်၊ မြန်မာအင်ဂျင်နီယာများ ကမ္ဘာ့နေရာ အနှံအပြားမှာ ရပ်တည်လုပ်ကိုင် နေနိုင်ကြသည်ကိုက ဂုဏ်ယူကျေနပ်ဖွယ်ရာပါပင်။ ထို့ကြောင့်လည်း အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်စီစဉ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အင်ဂျင်နီယာပညာနှစ် (၁၀၀)ပြည့် ရာပြည့်သဘင်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်များ

နိုင်ငံတော်နှင့် ပြည်သူ အကျိုးပြုသုတေသနပြခန်းများ၊ နိုင်ငံတော်နှင့် ဒေသအကျိုးပြုပြခန်းများကို မျိုးဆက်သစ်ကျောင်းသားလူငယ်များ လေ့လာနိုင်အောင် ပြသသွားဖို့ စီစဉ်ထားရှိသည့်အပြင် အင်ဂျင်နီယာ နည်းပညာနှင့် ပညာရေးဖိုရမ်ကို Parallel Session () ခုဖြင့် ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

          Parallel Sessionများတွင် စာတမ်းများ ဖတ်ကြားနိုင်ရေး သက်ဆိုင်ရာဌာနအလိုက် စာတမ်း ခေါင်းစဉ်များ တောင်းခံထားပြီး ပါဝင်ဖတ်ကြားနိုင်ရေး၊ မျိုးဆက်သစ်များကို မျှဝေနိုင်ရေးအတွက် ဆောင် ရွက်ထားရှိကြောင်း သိရှိရပါသည်။

          နိုင်ငံဖွံ့ဖြိုးမှုအတွက် အရေးပါပြီး အင်ဂျင်နီယာကဏ္ဍမှ နိုင်ငံဖွံ့ဖြိုးရေးအတွက် အသုံးချသုတေသန စာတမ်းများ၊ ဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှုစာတမ်းများ ဖတ်ကြားကြမည်ဖြစ်ပါသည်။ မိမိတို့ဝန်ကြီး ဌာနအနေဖြင့်တော့ ကျေးလက်ရေရှိရေး၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်တံတားလုပ်ငန်းဆိုင်ရာ စာတမ်းများ ဖတ်ကြားသွားရန် စီစဉ်ထားရှိပါသည်။

          ထို့အပြင် အင်ဂျင်နီယာပညာရေး နှစ် (၁၀၀)ပြည့် ရာပြည့်သဘင် ဂုဏ်ပြုအစီအစဉ်များကိုလည်း ပြင်ဆင်ထားရှိကြောင်း သိရှိရပါသည်။

          (က)      အတွေ့အကြုံရှိဆရာကြီး၊ ဆရာမကြီးများ၏အတွေ့အကြုံများကို အင်တာဗျူး၍ မီဒီယာ များတွင် ထုတ်လွှင့်ပြသခြင်း၊

          ( )      Documentaryများ ရိုက်ကူးပြသခြင်း၊ ၁၀ရာစုအစောပိုင်း ပုဂံယဉ်ကျေးမှုနယ်မြေမှ ရှေးခေတ် ပုဂံဘုရားများ၏ အင်ဂျင်နီယာဗိသုကာပညာရပ်များ၊ ၁၁ရာစုနှောင်းပိုင်း မန္တလေးနန်းတွင်း သမိုင်းမှတ်တမ်းများ၏အင်ဂျင်နီယာဗိသုကာလက်ရာများ၊ ရန်ကုန်မြို့ ကိုလိုနီခေတ်အင်ဂျင် နီယာဗိသုကာလက်ရာများ စသည်တို့ကို ရိုက်ကူးပြသခြင်း၊

          ( )     မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးသမိုင်းစာအုပ် (၂၀၁၃ မှ ၂၀၂၄)ထုတ်ဝေခြင်း (ရာပြည့် သဘင်အခမ်းအနားပြီးမှ ထုတ်ဝေပါမည်။)

          ( )    ရာပြည့်ဂုဏ်ပြုဆောင်းပါးများ ရေးသားပြီး ရာပြည့်မဂ္ဂဇင်း ထုတ်ဝေခြင်း ((ရာပြည့်သဘင် အခမ်းအနားပြီးမှ ထုတ်ဝေပါမည်။)

          (   )     ရာပြည့်အထိမ်းအမှတ်ပစ္စည်းများ ထုတ်၍ဖြန့်ဝေခြင်း၊

          ( စ  )     ရာပြည့်အကြိုဂုဏ်ပြုအင်ဂျင်နီယာပွဲတော်နှင့် အခမ်းအနားများ၊ ပရောဂျက်ပြပွဲများအား ရန်ကုန်နည်းပညာတက္ကသိုလ်အပါအဝင် ပြည်၊ မန္တလေး၊ ဘားအံ နည်းပညာတက္ကသိုလ်များ နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်များတွင် ကျင်းပပြုလုပ်ခြင်း။

          အင်ဂျင်နီယာတစ်ယောက်အနေဖြင့် အင်ဂျင်နီယာပညာရေး နှစ် ၁၀၀ ပြည့်  ရာပြည့်သဘင် အခမ်း အနားကို ကံကောင်းစွာဖြင့် တွေ့ကြုံခွင့်ရရှိသည့်အပြင် မိမိတို့ တစ်ထောင့်တစ်နေရာမှ ပါဝင်ဆင်နွှဲခွင့် ရရှိ သည့်အတွက် အမှန်ပင် ဂုဏ်ယူဝမ်းမြောက်မိရပါသည်။ အင်ဂျင်နီယာအားလုံးအတွက်လည်း ထပ်တူပင် ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ ရာပြည့်သဘင် ဆင်ယင်ကျင်းပရေး ဦးစီးကော်မတီတွင် ပါဝင်ခဲ့သည့် အတွက် စာရေးသူအနေဖြင့် အင်ဂျင်နီယာပညာရေးသမိုင်းကြောင်းကို ပြန်လေ့လာခွင့် ရခဲ့သည့်အပြင် အင်ဂျင်နီယာပညာရပ်များဖြင့် နိုင်ငံတော် တည်ဆောက်ရေးအပါအဝင် ကဏ္ဍစုံတွင် ပါဝင်ဆောင်ရွက်နေမှု များကို သုတေသနစာတမ်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုစာတမ်းများ ဖတ်ခွင့်၊ လေ့လာခွင့် ရရှိမည့်အတွက် ကြုံတောင့်ကြုံခဲ အခွင့်အရေးများ ရရှိခဲ့ခြင်းဖြစ်ပါသည်။

          မြန်မာ အင်ဂျင်နီယာပညာရေးသမိုင်းကြောင်းကို လေ့လာနိုင်ရန်၊ စာတမ်းဖတ်ကြားမှုများနှင့် နည်းပညာတက္ကသိုလ်ကျောင်းသားများ၏ ပရောဂျက်ပြပွဲများမှတစ်ဆင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဗဟုသုတများရယူနိုင်ရန်အတွက် မြန်မာအင်ဂျင်နီယာများအားလုံး၊ မျိုးဆက်သစ်အင်ဂျင်နီယာ ကျောင်းသား လူငယ်များအားလုံး အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်ပွဲကို အတူတကွပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ရင်း ပိုမိုတောက်ပသော မြန်မာ့အနာဂတ်ကို အင်ဂျင်နီယာ နှင့်နည်းပညာစွမ်းပကားများဖြင့် အတူတကွတည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း ရာပြည့်သဘင်ပွဲအား ဂုဏ်ပြုတင်ပြလိုက်ရပါသည်။

ခန့်ဇော်(ကျေးလက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm