မြင့်စိုး(နတလ)
ကောလိပ်များကို ချစ်ရသည့်အကြောင်းရင်း
ခေါင်းစဉ်မှာကိုက ကျွန်တော်ချစ်သောဆိုသည့် ဝေါဟာရနှင့်အစပျိုးလိုက်မိပြီးသကာလ ချစ်ရသောအကြောင်းရင်းကို ထင်းလင်းစွာရှင်းပြဖို့ရာ အလိုလိုတာဝန်ရှိလာချေပြီတမုံ့။ သမ ဝါယမကောလိပ် (မန္တလေး)၊ သမဝါယမကောလိပ် (ဖောင်ကြီး) ကို ရောက်ဖူးသူများ၊ ထိုကော လိပ်များ၌ တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ ပုဏ္ဍရိတ်တန်း၊ ပျားအုံလမ်းနှင့် ရန်ကင်းတောင်ခြေမှာ နားခိုရင်း ပညာရင်နို့ သောက်စို့ခဲ့ကြဖူးသော ကျောင်း သားကျောင်းသူဟောင်းများအနေဖြင့်မူ ကျွန်တော်ချစ်ရသည့် အကြောင်းရင်းကို ကြိုတင် သိနှင့်ပြီး ဖြစ်ပါလိမ့်မည်။ သမဝါယမကောလိပ်များ၏ ထူးခြားသောပရဝုဏ်ကို ကျွန်တော် ချစ်သည်။ ထိုကောလိပ်များ၏ ဖြစ်တည်လာမှု သမိုင်းကြောင်းနှင့် အစဉ်လာကောင်းများကို ကျွန်တော်ချစ်သည်။ ထိုကောလိပ်များ ဖွင့်လှစ်သင်ကြားရခြင်း၏ ရည်ရွယ်ချက်နှင့် တည်ထောင်ခဲ့သူများ၊ ဆရာကြီး ဆရာမကြီးများ၏ ထက်သန်မွန်မြတ်သော စိတ်ရင်းစေတနာ ကို ကျွန်တော်ချစ်သည်။ ဤသည်တို့ကား သမဝါယမကောလိပ်များအပေါ် ကျွန်တော်ချစ်ရ သော အကြောင်းရင်းများစွာထဲက အချို့အဝက်မျှသာတည်း။
ရန်ကင်းတောင်ခြေက သမဝါယမကောလိပ်(မန္တလေး)သို့ အဝင်
ဤကောလိပ်ဝင်းအတွင်းသို့ ကျွန်တော် (၃) ခေါက်ရောက်ဖူးခဲ့ပါပြီ။ မန္တလေးတိုင်းဒေသ ကြီး၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေတွင် တည်ရှိပြီး မန္တလေးမြို့မှ (၇) မိုင်၊ ပုသိမ်ကြီးနှင့် (၂) မိုင် ကွာဝေး၏။ ရန်ကင်းတောင်၏ အရိပ်အာဝါသကို မှီခိုနေပြီး ဥယျာဉ်ပရိယတ္တိစာသင် တိုက်ကြီးနှင့်လည်း နီးနီးကပ်ကပ် တည်ရှိနေသောကြောင့် သမဝါယမကောလိပ်(မန္တလေး) အနေဖြင့် အေးချမ်းမှုအရိပ်စစ်ကို ပိုင်ဆိုင်ခွင့်ရနေသည်ဟု ဆိုရသော် မမှားတန်ရာ။ ဥယျာဉ် ကျောင်းပိုင်မြေကို ကောလိပ်အဝင်လမ်းအဖြစ် အသုံးပြုခွင့်ရခဲ့သလို မိမိတို့ဘက်ကလည်း တိုင်း သမဝါယမသင်တန်းကျောင်း စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ဥယျာဉ်ကျောင်းကို လျှပ်စစ်မီး ပေးလှူခဲ့ကြောင်း သိရသည်။ ကတညုတ ကတဒေဝီဆိုသည့် ဘုရားဟောနှင့်အညီ ကောလိပ် ကျောင်း၏ စုပေါင်းအလှူအဖြစ် ဥယျာဉ်ပရိယတ္တိစာသင်တိုက်အတွင်း၌ ‘သမဝါယမသုခ’ အမည်ရ တစ်ပါးနေ ကျောင်းဆောင်လေးကို ဆောက်လုပ်လှူဒါန်းထားသကဲ့သို့ ဥယျာဉ် ပရိယတ္တိစာသင်တိုက်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်တို့၏ အဓိပတိ၊ ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ ဇောတိကမှလည်း ငြိမ်းချမ်းစွာနေထိုင်နည်း ဝိပဿနာတရား တော်မြတ်ကို အပတ်စဉ်ချီးမြှင့်ဟောကြားတော်မူခဲ့ကြောင်း သိရသည်။ ဆရာတော်၏ တရား များကို မနာခဲ့ဖူးသော်ငြားလည်း သမဝါယမကောလိပ်(မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာ တင်မူအေးထံမှတစ်ဆင့် ပြန်လည်ကြားနာခွင့်ရလိုက်သည့် တရားတစ်ပိုဒ်ကမူ နှစ်ပေါင်းများစွာ ကျွန်တော်ခံယူကျင့်သုံးနေသော ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် အရာတစ်ခုကို ပြောင်းလဲ သွားစေခဲ့ပါသည်။ အခြားမဟုတ်ပါ။ ချစ်ခြင်းမုန်းခြင်းကင်းအောင် နေထိုင်နိုင်ခြင်းကို ဥပေက္ခာ တရားဟု ကျွန်တော်က ယူဆထားခဲ့မိ၏။
ဆရာတော် ဒေါက်တာဘဒ္ဒန္တဇောတိကသည် သမဝါယမကောလိပ်(မန္တလေး) ဓမ္မာရုံသို့ တနင်္လာနေ့တိုင်း ကြွရောက်ကာ ဝိပဿနာတရားတော်မြတ်များကို နှစ်ပေါင်းများစွာ ဟောကြားလာခဲ့ခြင်း ဖြစ်သည်။ ဆရာတော်၏ တရားများထဲမှ ငြိမ်းချမ်းဖို့အတွက် အများနဲ့ နေရင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား ၄ ပါးနဲ့နေ၊ တစ်ယောက်တည်း နေရင် ဝိပဿနာနဲ့နေ၊ ငါ့ကို အကြောင်းပြုပြီး ဆင်းရဲခြင်းမဖြစ်ပါစေနဲ့၊ ချမ်းသာပါစေဆိုတဲ့ စိတ်က မေတ္တာ၊ သူတစ်ပါးမှာ ရှိတဲ့ အားနည်းချက်ကို ဖြည့်ဆည်းလိုစိတ်၊ ဆင်းရဲကို ဖယ်ရှား ပေးလိုစိတ်က ကရုဏာ၊ ကိုယ့်ထက်သာတာကို မနာလိုစိတ်မရှိဘဲ ဝမ်းသာနိုင်တဲ့စိတ်က မုဒိတာ၊ သူတစ်ပါး၏ ကောင်း/ ဆိုး အပြုအမူပေါ်မှာ မတွယ်တာဘဲ လစ်လျူရှုနိုင်တာ ဥပေက္ခာ၊ ကိုယ့်အပေါ်မှာ ကောင်းတဲ့အပြုအမူကို အမှတ်ထားရင် တဏှာသံယောဇဉ်ဖြစ်တတ်ပြီး မကောင်းတဲ့အပြုအမူကို အမှတ်ထားရင် ဒေါသဖြစ်တတ်တယ် ဆိုသည့်တရားက ကျွန်တော့် စိတ်ကို ပြုပြင်ပေးသွားခဲ့သည်။ ချစ်ခြင်းမုန်းခြင်းကင်းရုံနှင့်မရ၊ ကောင်းခြင်းရော မကောင်းခြင်း ရော တွယ်တာမှုမရှိ၊ ယတိပြတ်စွန့်ပယ်နိုင်မှ ဥပေက္ခာတရားအစစ် ဖြစ်ပေလိမ့်မည်တကား။
သမဝါယမကောလိပ်(ဖောင်ကြီး) ဆိုသည်မှာ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်းအုပ်စု၊ မင်းကုန်းကျေးရွာအနီး လှည်းကူးမြို့၏ မြောက်ဘက် မိုင် ၂၀ အကွာ၊ ရန်ကုန်မြို့မှလာလျှင် အမြန်လမ်းမကြီး မပေါ်ပေါက်မီက မိုင် ၅၀ အကွာ၊ ယခုအမြန်လမ်းအတိုင်း မိုင် ၂၀ စွန်းစွန်းက ချိုးဝင်နိုင်သော နေရာမှာ အေးချမ်းစွာ၊ ငြိမ်းချမ်းစွာ၊ စိမ်းလန်းစွာ တည်ရှိနေပါသည်။ ဤနေရာမှာ သမဝါယမ ကောလိပ်(ဖောင်ကြီး) ဖြစ်လာစေဖို့ရာအတွက် မူလဘူတဖြစ်သော “ဗဟိုသမဝါယမသင်တန်း ကျောင်း” နေရာအဖြစ် သမဝါယမဝန်ကြီးဌာန ဝန်ကြီး ဦးစိန်ထွန်းကိုယ်တိုင် ၁၉၈၂ ခုနှစ်၊ နှစ်ဦး ပိုင်းမှာ သွားရောက်ကြည့်ရှုလေ့လာ၍ ရွေးချယ်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗဟိုသမဝါယမ သင်တန်းကျောင်း ဆောက်လုပ်ပြီးပါက တစ်နိုင်ငံလုံးရှိ သမဝါယမအသင်းအမှုဆောင်များ၊ ဝန်ထမ်းများ အားလုံးကို အရည်အသွေးမြှင့်တင်ပေးရန်အပြင် သမဝါယမလယ်ယာအသင်းများ၊ ကုန်ထုတ်အသင်းများအား သင်တန်းပေးရာ၌ လက်တွေ့ပြသနိုင်မည့် စံပြလယ်ယာစိုက်ခင်း ကြီးများ၊ မွေးမြူရေးခြံကြီးများ၊ ကြိမ်/ ဝါးထုတ်လုပ်ရေးလုပ်ငန်းများ၊ အုတ်ဖုတ်လုပ်ငန်းများပါ ထားရှိနိုင်ရေးအတွက် မြေဧကကျယ်ကျယ်ဝန်းဝန်းရရှိရေး နိုင်ငံတော်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သစ်ကြီးဝါးကြီးများ ပေါက်ရောက်နေသော နေရာဖြစ်၍ ရှင်းလင်းရေး တာဝန်ကို ထိုစဉ်က လှည်းကူးမြို့နယ်၊ သမဝါယမဦးစီးဌာနမှူး ဦးသန်းမောင်က ဦးစီး ဆောင်ရွက်ခဲ့ရသည်။
သင်တန်းကျောင်း၏ အဆောက်အဦများ ဆောက်လုပ်ခဲ့ရာတွင်လည်း ဂုဏ်ယူစရာ ကောင်းသည်မှာ ဆောက်လုပ်ရေးသမဝါယမအသင်းများကိုယ်တိုင် တာဝန်ယူ၍ ဆောက်လုပ် ခဲ့ကြခြင်း ဖြစ်သည်။ အဆောက်အဦများ ပုံထုတ်ခြင်းကို ဗိသုကာကုန်ထုတ်သမဝါယမ အသင်းမှလည်းကောင်း၊ သင်တန်းကျောင်းဆောက်လုပ်ခြင်းကို မြို့ပြအင်ဂျင်နီယာ ဆောက် လုပ်ရေး သမဝါယမအသင်းက တာဝန်ယူခဲ့ကြသည်။ ရေနှင့် မိလ္လာအတွက်လည်း နတ်မောက် စက်မှုလက်မှုအထက်တန်းကျောင်း ဆရာ၊ဆရာမဖြင့် ဖွဲ့စည်းထားသော နတ်မောက်ရေသန့် သမဝါယမအသင်းကို တာဝန်ပေးခဲ့သည်။ လျှပ်စစ်မီးလိုင်း သွယ်တန်းရေးကိစ္စကိုမူ မိုးကြိုး လျှပ်စစ်အင်ဂျင်နီယာသမဝါယမအသင်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ၏။ ဝန်ကြီး ဦးစိန်ထွန်းကိုယ်တိုင် တည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ခဲ့ပြီး ၁ နှစ်ကျော်ကာလအ တွင်း ပြီးစီးခဲ့သည်။ သမဝါယမကောလိပ်(ဖောင်ကြီး)၌ ထည်ထည်ဝါဝါခန့်ခန့်ညားညား တွေ့မြင်နေရသော၊ တိုင်တစ်လုံးမှမပါသော (၁၂၀ ပေ x ၇၀ ပေ) Dome ခန်းမသည်ပင်လျှင် ဝန်ကြီးဦးစိန်ထွန်း၏ စိတ်ကူးစိတ်သန်း ဖြစ်ပေလိမ့်မည်။ သင်တန်းကျောင်း စိမ်းလန်းစိုပြည် ရေးအတွက် သစ်ပင်ပန်းမန်အလှဆင်ရေးနှင့် သင်တန်းကျောင်းအဝင်လမ်း သစ်ပင်ကြီးများ စိုက်ပျိုးရေးအတွက် ဒေါ်ဝင်းစိန်(ပါမောက္ခ-ငြိမ်း) ကို တာဝန်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကျောင်းကို “ဗဟိုသမဝါယမသင်တန်းကျောင်း” ဟု ခေါ်တွင်စေပြီး ၁၉၈၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးတင်ဝင်း ဖြစ်ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများအတွက် လာရောက်ပူးပေါင်းဖွင့်လှစ်သော ပြည်လမ်း ၆ မိုင်ခွဲ သမဝါယမသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများကို အမာခံထား သင်ကြားစေခဲ့သည်။ ထိုအချိန်က ပြည်နယ်၊ တိုင်းအလိုက် သမဝါယမသင်တန်းကျောင်းများကို သတ်မှတ်ဖွင့်လှစ်ပေး ခဲ့ရာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့အတွက် စစ်ကိုင်းသမဝါယမသင်တန်း ကျောင်း (ယခု သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်-စစ်ကိုင်း) ကိုလည်းကောင်း၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွက် တောင်ကြီးသမဝါယမသင်တန်းကျောင်း (ယခု-သမဝါယ စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း-တောင်ကြီး)ကိုလည်းကောင်း၊ မကွေး နှင့် မန္တလေးတိုင်းအတွက် ပုသိမ်ကြီးသမဝါယမသင်တန်းကျောင်း (ယခု-သမဝါယမကောလိပ်- (မန္တလေး) ဖွင့်လှစ်ထားပြီး မကွေးနှင့် မန္တလေးမြို့များတွင်လည်း သမဝါယမစာရင်းရေးစာရင်း ကိုင် သက်မွေးပညာသင်တန်းကျောင်း(၁) ကျောင်းစီ ဖွင့်လှစ်ထားပါသည်) ကိုလည်းကောင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွက် မော်လမြိုင်သမဝါယမသင်တန်းကျောင်း (ယခု- သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း - မော်လမြိုင်) ကိုလည်း ကောင်း၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းအတွက် ပုသိမ်သမဝါယမသင်တန်းကျောင်း (ယခု- သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း-ပုသိမ်) ကိုလည်းကောင်း၊ ရန်ကုန်တိုင်းအတွက် သံလျင်သမဝါယမသင်တန်းကျောင်း (ယခု-သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်-သံလျင်) ကိုလည်းကောင်း၊ ပဲခူးတိုင်းအတွက် ပဲခူးသမဝါယမသင်တန်း ကျောင်းကိုလည်းကောင်း ဖွင့်လှစ်ပေးခဲ့သည်။
ကျောင်းဆောင်လေးတွေက စီစီရီရီ
ဗဟိုသမဝါယမသင်တန်းကျောင်း၊ သမဝါယမသင်တန်းကျောင်းများအဖြစ် မွေးဖွားလာခဲ့ ရာမှ ၁၉၉၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် သမဝါယမဒေသကောလိပ်(မန္တလေး)ကို စတင် ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် သမဝါယမကောလိပ်(မန္တလေး) ဖြစ်လာ ခဲ့သည်။ သမဝါယမကောလိပ်(ဖောင်ကြီး)၏ သမိုင်းကြောင်းကမူ ကနဦးဖော်ပြခဲ့သည့်အတိုင်း ၁၉၈၃ ခုနှစ် ဒီဇင်ဘာလတွင် ဗဟိုသမဝါယမသင်တန်းကျောင်းအဖြစ်လည်းကောင်း၊ ၁၉၉၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဗဟိုသမဝါယမကောလိပ်အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် သမဝါယမကောလိပ်(ဖောင်ကြီး) အဖြစ်လည်းကောင်း ပြောင်းလဲလာခဲ့ကြ ခြင်း ဖြစ်သည်။ အစဉ်အဆက် တာဝန်ရှိသူများအနေဖြင့် သမဝါယမသင်တန်းကျောင်းများ ဖွင့်လှစ်ရန် စဉ်းစားစဉ်ကတည်းက သမဝါယမလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်နိုင်ရန် ရည်ရွယ်သကဲ့သို့ ကောလိပ်အဆင့်မှသည် ပိုမိုမြင့်မားသောအဆင့်တစ်ခုထိ ဖြစ်ပေါ် လာနိုင်သည်ကို ရည်မှန်း၍ မြေနေရာအကျယ်အဝန်းနှင့် ကျောင်းဆောင်အရေအတွက်တို့ကို လုံလုံလောက်လောက် တည်ဆောက်ပေးခဲ့ကြကြောင်း တွေ့ရသည်။
သမဝါယမကောလိပ်(မန္တလေး)၏ အဆောင် နာမည်လေးတွေက အညာဆန်သလို နောက်တိုးဆောင်ဖြစ်သည့် RC (၃) ထပ် ပင်မစာသင်ဆောင်ကြီးနှင့် ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး နေအိမ်များ၊ ဝန်ထမ်းအိမ်ရာများကလွဲ၍ အဆောင်အားလုံး နာမည်ကိုယ်စီ ရှိနေကြသည်။ ကြည့်လေ - အင်းဝဆောင်၊ ထီလာဆောင်၊ မကွေးဆောင်၊ မန္တလာဆောင်နှင့် ပန်းရိုးမဆောင်ဟု အမည်ပေးထားသည့် စာသင်ဆောင်များ၊ ရတနာပုံဆောင် အမည်ရ ကျောင်း အုပ်ကြီးရုံးခန်း၊ စုဝေးခန်းမအမည်က ရန်ကင်းဆောင်၊ ဓမ္မာရုံက အောင်ပင်လယ်ဆောင်၊ Language Lab က ဧရာဆောင် စသည်ဖြင့် မှည့်ခေါ်ထားသည်။ ကျောင်းသားရေးရာရုံးခန်းနှင့် ကွန်ပျူတာခန်းသည်ပင်လျှင် တကောင်းဆောင်ဆိုသည့် ခန့်ခန့်ညားညားအမည်နှင့် တွေ့ရ သည်။ ပင်းယအမည်ရှိ ကျောင်းသားအိမ်ဆောင် တစ်ဆောင်နှင့် ဇလပ်ဝါ၊ ပိတောက်၊ စကားဝါ၊ ဇီဇဝါဟု မှည့်ခေါ်ထားသော ကျောင်းသူအိမ်ဆောင် (၄) ဆောင်လည်း ရှိနေပေသည်။ တစ်ထပ်စတိုဆောင်လေးသည်ပင်လျှင် ငုဝါဆောင်ဟူသော အမည်ကို ရယူထား၏။
သမဝါယမကောလိပ်(ဖောင်ကြီး) သည်လည်းပဲ အနှစ်သာရရှိရှိ ပေးထားသောအမည် များနှင့် ပနံရလှသည်။ ကမ္ဘောဇ၊ အင်းဝ၊ ဒဂုံနှင့် ဥသာဟု အမည်ပေးထားသော ကျောင်းသား အိမ်ဆောင်များ၊ ယုဝတီ၊ ရတနာပုံ၊ သလ္လာဝတီ၊ ဓညဝတီ အမည်ရ ကျောင်းသူအိပ်ဆောင်များ၊ ကံ့ကော်ဆောင်ဟု အမည်ပေးထားသော စာသင်ဆောင်၊ သီရိဆောင်ဟု ခေါ်တွင်နေသည့် ဆရာမများ၏ အဆောင်တို့ကို တွေ့ရမှာဖြစ်သလို ဆရာ၊ ဆရာမများ၏ ဝန်ထမ်းအိမ်ရာကို လည်း နဝရတ်ဆောင်ဟု အမည်ပေးထားပါသည်။
သမဝါယမကောလိပ်များ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်
သမဝါယမတက္ကသိုလ်၊ ကောလိပ်များမှ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ်များ မွေးထုတ်ပေးရန် ဖြစ်ပါသည်။ ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်များကို မှန်ကန်စွာ ချမှတ်အကောင်အထည်ဖော်လျက် ရှိသည်။ သမဝါယမပညာရေး (Cooperative Education) ဆိုသည်မှာ စာသင်ခန်းကို အခြေပြုသော ပညာရေးနှင့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတို့ ပေါင်းစပ်ထားသော နည်းစနစ်ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ သမဝါယမပညာ လေ့လာ သင်ယူရာတွင် ပေါင်းစည်းလေ့လာသင်ယူရမည့်သဘော ဖြစ်ပါသည်။ သည့်အတွက် သမဝါယမ ပညာရေးတွင် သင်ကြားရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များသည် မိတ်ဖက်အဖွဲ့အစည်း များဖြစ်နေဖို့လည်း လိုအပ်ပေသည်။ ယခုအခါ ထိုအခြေခံသဘောတရားကို သမဝါယမ စာရင်းရေးစာရင်းကိုင်ပညာ သင်တန်းကျောင်း (၅) ကျောင်းဖြစ်သည့် မကွေး၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ကြီး ကျောင်းများ၌ ခံယူကျင့်သုံးနေပြီ ဖြစ်သည်။
သမဝါယမကောလိပ်များ၏ သင်ကြားသင်ယူမှုစနစ်သည် အဆင့်မနိမ့်ခဲ့ပေ။ ဗဟို သမဝါယမကောလိပ်ဘဝကတည်းက သင်ကြားပေးလိုက်သော ပထမ Batch ဆင်း ကျောင်း သားနှစ်ဦးသည် Youth Seminar for Asia and Pacific, ICA (ROAP) Singapore သို့ တက်ခွင့်ရခဲ့ကြောင်း သိရသည်။ ယခင် သမဝါယမကောလိပ်များမှ ဒီပလိုမာရပြီးလျင် အဝေး သင်တက္ကသိုလ် (စီးပွားရေး) သို့ တက်ရောက်ခွင့် (သို့မဟုတ်) စီးပွားရေးတက္ကသိုလ် (ရန်ကုန်) သို့ ဝင်ခွင့်စာမေးပွဲဖြေဆို၍ တက်ရောက်ခွင့်ရခဲ့ကြသည်။ ယခုအခါ သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်နှင့်စစ်ကိုင်း) တို့သို့ ပေါင်းကူးတက်ရောက်ခွင့် ရနေကြပြီ ဖြစ်သည်။
သင်ကြားပေးနေသော ဘာသာရပ်များ
သမဝါယမလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး၏ ဒုတိယမဏ္ဍိုင်အဖြစ် သတ်မှတ်ခဲ့သော အချိန်ကာလများ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်တွင် ပရိုကိုးဟု ခေါ်သော ကုန်ထုတ်သမဝါယမများ၊ ကွန်ကိုးဟု ခေါ်သည့် စားသုံးသူသမဝါယမအသင်းများ ထင်ရှားခဲ့သည်။ သမဝါယမ ကျေးလက်မီးလင်းရေးလုပ်ငန်းများ၊ ရေပေးရေးလုပ်ငန်းများ၊ သမဝါယမဆေးရုံ၊ သမဝါယမဟိုတယ်လုပ်ငန်း၊ သမဝါယမဘဏ် စသည်တို့ ရှိခဲ့ဖူးသည်။ သမဝါယမတွင် ကောင်းမွန်သော သဘောတရာများ ရှိသည်။ ခေတ်မီသော စီမံခန့်ခွဲမှုပညာရပ် များကိုလည်း တတ်မြောက်ရမည်။ စဉ်ဆက်မပြတ် ပညာရေးလုပ်ငန်းစဉ်လည်း ရှိရမည်။ သင် ကြားပို့ချပေးနေသော ဘာသာရပ်များမှာ သမဝါယမပညာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်း အင်းပညာ၊ စီမံခန့်ခွဲမှုပညာ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ စီးပွားရေး ပထဝီဝင်၊ မြန်မာ့ရေးရာ (Aspects of Myanmar)၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာ ရပ်တို့ ဖြစ်ပါသည်။ ယင်းသို့ သင်ကြားပို့ချပေးပြီးနောက် ပေးအပ်မည့် ဒီပလိုမာများမှာ အောက် ပါအတိုင်း ဖြစ်ပါသည် -
(က) ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ
Diploma in Regional Development (Dip.R.D)
(ခ) စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ
Diploma in Business Accounting (Dip.B.Acct)
(ဂ) အသုံးချစာရင်းအင်းဒီပလိုမာ
Diploma in Applied Statistics (Dip.A.S)
(ဃ) ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ
Diploma in Marketing Management (Dip.M.M)
(င) လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ
Diploma in Social Enterprise Management (Dip.S.E.M)
သမ/ကျေးလက် ရှေ့သို့ခရီးဆက်မည်
သမဝါယမစနစ်သည် ကမ္ဘာပေါ်တွင် ၁၈ ရာစုမှယနေ့ထိ ရှင်သန်လျက်ရှိသည်။ ကုလ သမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင်များ သတ်မှတ်ရာတွင်လည်း သမဝါယမကဏ္ဍကို ထဲထဲဝင်ဝင် ထည့်သွင်းဖော်ပြထားကြောင်း တွေ့ရသည်။ နိုင်ငံအတွင်း သမဝါယမစနစ် ရှင်သန်ဖွံ့ဖြိုးလာ စေရေး အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SME ကဏ္ဍတွင် ကုန်ထုတ်သမဝါယမ အသင်းများ ခိုင်ခိုင်မာမာ အောင်မြင်ဖြစ်ထွန်းလာစေရေးအတွက် သမဝါယမကဏ္ဍနှင့် နှီးနွယ် သော လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန် လိုအပ်လျက် ရှိပါသည်။ ပြည်သူကိုအခြေပြုသော သမဝါယမစနစ် တည်ထောင်နိုင်မှသာလျင် ပြည်သူ၏ ယုံကြည် ကိုးစားမှုကို ခံယူရရှိမည် ဖြစ်သည်။ ပခုံးပြောင်း တာဝန်ထမ်းဆောင်နေရသော ယနေ့အချိန် ကာလတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် စွမ်းအားရှိသမျှ ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ၊ ရက်ကန်းသင်တန်းကျောင်းများ၏ အခန်းကဏ္ဍကိုလည်း အလေးထား မြှင့်တင်ဆောင်ရွက် ပေးသွားမည် ဖြစ်ပေသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။