သာစည် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ သာစည်မြို့နယ်တာဝန်ခံ၊ ကျေးရွာမှ တာဝန်ရှိသူတို့သည် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံကျမှုများကြောင့် ပျက်စီးခဲ့ရသည့် သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်းပိုင်း ပျက်စီးနေမှုကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်းသည် လမ်းအရှည် (၄/၃) မိုင်၊ Class A အမျိုးအစား မြေသားလမ်းဖြစ်ပြီး စက်တင်ဘာ ၁၀ ရက် မှ စတင်၍ သာစည်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စမုံဆည် လွှဲပေါက်မှရေနှင့် ကျောက်ဖျာချောင်းတို့မှ ရေများစီးဝင်မှုကြောင့် စမုံချောင်းအတွင်း ရေဝင်ရောက်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်းတစ်လျှောက် (၄/၃) မိုင်ခန့် ရေတိုက်စား၍ လမ်းအပိုင်းပိုင်းပြတ်ထွက်ခြင်း၊ လမ်းမျက်နှာပြင် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ လမ်းပြုပြင်ရမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လမ်းကြောင်းပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်သွားရန်၊ လမ်းပြုပြင်ရာ၌ စနစ်တကျဆောင်ရွက်ရန်နှင့် လမ်းပြုပြင်ပြီးပါက ကျေးရွာသူ ကျေးရွာသားများအနေဖြင့်လည်း ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါလမ်းသည် သာဂရကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ သုံးပတ် လည်ကျေးရွာ၊ အလယ်ကန်ကျေးရွာနှင့် ဘိုတဲကုန်းကျေးရွာများရှိ အိမ်ခြေ ၁၃၄၇ အိမ်၊ လူဦးရေ ၆၄၅၂ ဦးတို့ ဆက်သွယ်အသုံးပြုနေသော လမ်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။