နေပြည်တော်၊ နိုဝင်ဘာ ၁၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးအေဂျင်စီ (MSME Agency) ဥက္ကဌ ဦးဇေယျာလင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါ သည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ၊ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး အေဂျင်စီ(MSME Agency) ဥက္ကဌ ဦးဇေယျာလင်းက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အထည်ချုပ်ကဏ္ဍသည် အဓိကကျသောကဏ္ဍမှ ပါဝင်ပါကြောင်း၊ အထည်ချုပ်လုပ်ငန်းကို အမျိုးသမီးများအနေဖြင့် အိုးမကွာ အိမ်မကွာဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် ယခုလို စက်ချုပ် နည်းပညာကို သင်ကြားပေးပြီး သင်တန်းပြီးစီးပါက စက်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် လုပ်ငန်းသုံး ပစ္စည်းများကိုလည်း ပေးအပ် သွားမည်ဖြစ်ပါကြောင်း၊ စက်ချုပ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက် ထားမည်ဆိုပါက အထည်ချုပ် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း၊ ကိုယ်ပိုင်စက်ချုပ် ဆိုင်များဖွင့်လှစ် နိုင်ခြင်းတို့ကြောင့် မိသားစုဝင်ငွေတိုးလာမည်ဖြစ်သည့်အတွက် သင်တန်းမှ သင်ကြားပေးမှုများကို ကြိုးစားသင်ယူ သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာမှ သင်တန်းသား (၁၄)ဦးနှင့် လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာမှ သင်တန်းသူ(၁၂)ဦးတို့ကို စက်ချုပ်လုပ်ငန်းဖြင့် ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ အခြေခံစက်ချုပ်နည်းပညာသင်တန်း (၁)လနှင့် မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း (၁၅)ရက် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ဘာသာရပ် စုစုပေါင်း (၁၄)မျိုးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာချင်းစီမှ အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးစီ ရွေးချယ်၍ လုပ်ငန်းသုံး ပစ္စည်း များ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။