Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး


31 Oct,2024

တပ်ကုန်း အောက်တိုဘာ ၃၁

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တပ်ကုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာကုမ္ပဏီမှတာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ညောင်ပင်သာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

အဆိုပါ ညောင်ပင်သာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် ၆ ဒသမ ၅၅၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် မြေနီကျောက်စရစ် ၉ လက်မထု ခင်းခြင်းလုပ်ငန်းနှင့် ကုန်ထုတ်တံတားအဖြစ်  ရေပြွန်တံတားသုံး နှစ်စင်းတည်ဆောက်ခြင်းကို နေပြည်တော်ကောင်စီ ခွင့်ပြုရန်ပုံငွေကျပ် ၄၇ ဒသမ ၈၄၂ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ဇွန်လ ဒုတိယအပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

အဆိုပါ ညောင်ပင်သာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက  ကျေးရွာရှိ အိမ်ခြေ ၈၄၁ အိမ်၊ လူဦးရေ ၃၂၄၀ ဦး တို့၏ စိုက်ပျိုးမြေဧက ၁၅၀ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm