နေပြည်တော် အောက်တိုဘာ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် အခြေခံအင်္ဂလိပ်စာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားသို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းတာဝန်ခံနှင့် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြ သည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်မှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှာ မိမိတို့ဦးစီးဌာန အနေဖြင့် ပထမအကြိမ်ဖွင့်လှစ်သော သင်တန်းဖြစ်ကြောင်း၊ ဌာန၏ အရာထမ်း/အမှုထမ်းများအပါအဝင် နေ့စားဝန်ထမ်းများအတွက် မိမိတို့တာဝန်ထမ်းဆောင်နေရင်း အင်္ဂလိပ်စာလေ့လာနိုင်သော အခွင့်လမ်းကောင်းများထဲမှ တစ်ခုဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ဦးစီးဌာန နှင့် နိုင်ငံတကာအကူအညီဖြင့် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် များစွာအထာက်အကူဖြစ်စေကြောင်း၊ မိမိတို့ဦးစီးဌာန အနေဖြင့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် JICA, KOICA, TICA, ADB, World Bank RECAP ကဲ့သို့သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ၊ ယခုအခါ ငယ်ရွယ်သူကလေးများပင် အင်္ဂလိပ်ဘာသာစကားကို အိမ်နှင့်ကျောင်းများတွင် လေ့လာသင်ယူကာ ပရိတ်သတ်ရှေ့တွင် ရဲတင်းစွာပြောဆိုနိုင်ကြသော အချိန်ဖြစ်ပါကြောင်း၊ သို့ပါ၍ မိမိတို့ ဌာနမှ ဝန်ထမ်းများ လွယ်ကူစွာနှင့်ရဲရဲတင်းတင်း ပရိတ်သတ်ရှေ့ ပြောဆိုဆောင်ရွက်နိုင်အောင် လေ့ကျင့်စေလိုကြောင်း၊ သင်တန်းကာလမှာ ၄ လကြာမြင့် မည်ဖြစ်သော်လည်း သင်တန်းသား/သင်တန်းသူများမှ မပျက်မကွက် တက်ရောက်စေလိုကြောင်း နှင့် ဌာနမှလည်း လိုအပ်သည့် အထောက်အပံ့များကို ပံ့ပိုးပေးရန်လိုကြောင်း မှာကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်သီရိအေးမှ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ဦးစီးဌာန ဝန်ထမ်းများ အလုပ်ချိန်အတွင်း အင်္ဂလိပ်စာသင်ကြားလေ့ကျင့်နိုင်ရန်၊ နိုင်ငံတကာနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများနှင့် ကောင်းမွန်စွာ ထိထိရောက်ရောက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ထို့နောက် သင်တန်းဖွင့်ပွဲအမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
အဆိုပါသင်တန်းကို ၁-၁၀-၂၀၂၄ ရက်နေ့မှ ၂၈-၁-၂၀၂၅ ထိ (၄)လခန့် သင်ကြားပို့ချမည်ဖြစ်ပြီး တစ်ပတ်(၃) ရက် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် တစ်ရက်လျှင် (၂)နာရီနှုန်းဖြင့် စုစုပေါင်း နာရီ(၁၀၀) ခန့်ကြာမြင့်မည်ဖြစ်သည်။ ယခုသင်တန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အရာထမ်း/ အမှုထမ်း စုစုပေါင်း(၂၃) ဦးဖြင့် သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။