နေပြည်တော် အောက်တိုဘာ ၂၃
ဝါ၊ နေကြာသီးနှံများ ပိုမိုအထွက်တိုးစေရေးအတွက် သမဝါယမကဏ္ဍမှ အရည်အသွေး ပြည့်မီသော အထွက်တိုးမျိုးများ အစားထိုးစိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် မျိုး၊ မြေ၊ ရေ၊ နည်းပညာများ ပံ့ပိုးထောက်ပံ့နိုင်ရေး ဈေးကွက်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက သမဝါယမဦးစီးဌာန ညှိနှိုင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့်တာဝန်ရှိသူများ၊ နေပြည်တော်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်တို့ရှိ သမဝါယမဦးစီးဌာန အဆင့်ဆင့်နှင့် သမဝါယမအသင်းအဆင့်ဆင့်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဝါသီးနှံနှင့် နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်သောသမဝါယမအသင်းများအတွက် သမဝါယမကဏ္ဍမှ အသင်းသား တောင်သူများ လိုအပ်သည့်မျိုး၊ မြေ၊ ရေ၊ နည်းပညာများကို စတင်စိုက်ပျိုးရန်အတွက် ထွန်ယက်မြေပြင် သည်မှအစပြု၍ ထွက်ရှိလာသောသီးနှံများကို ဈေးကောင်းရနိုင်စေရန် ဈေးကွက်များ အထိရောက်ရှိ အောင် စီမံဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကလိုအပ် ချက်ဖြစ်သော အထွက်တိုးနိုင်မည့်မျိုးကို ရွေးချယ်၍ အစားထိုးစိုက်ပျိုးနိုင်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အကယ်၍ အထွက်မတိုးခဲ့လျှင် နည်းလမ်းစုံဖြင့်အဖြေရှာ၍ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ နေကြာသီးနှံ အတွက်လည်း အထွက်တိုးရန်လိုအပ်သည့် အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်များကို ပံ့ပိုးထောက်ပံ့နိုင်ရေးဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးအတွက် လိုအပ်သော ပျားမွေးမြူရေးပုံးများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်ခြင်း၊ နည်းပညာအတွက် ပညာပေး သင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာနများ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဆောင်ရွက်ခြင်း၊ ရုရှားမြေဆီနှင့် သဘာဝမြေဆီတို့ကို ထည့်သွင်းဆောင်ရွက်ခြင်း၊ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ် အတွင်း စိုက်ပျိုးရေးသမဝါယမအသင်းများမှ စံပြစိုက်ကွက်များဖြစ်ပေါ်လာစေရေးအတွက် လိုအပ်သည့် ငွေကြေးအရင်း အနှီး၊ သွင်းအားစု၊ မျိုး၊ မြေ၊ ရေ ၊ နည်းပညာများကို ထောက်ပံ့၍ အထွက်တိုးဧကများ ဖော်ဆောင်ရန်လိုကြောင်း၊ အထွက်မတိုးသည့် အသင်းများစာရင်းကို စိစစ်ဖော်ထုတ်၍ မည်သည့် အတွက်ကြောင့် အထွက်မတိုးရခြင်းကို အဖြေရှာ၍ ပေါင်းစပ်ညှိနှိုင်း၍ ကူညီဖြည့်ဆည်း ဆောင်ရွက် ခြင်းဖြင့် နောင်တစ်ချိန် အထွက်တိုးအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဂရုတစိုက်အသေးစိတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အနီးကပ် ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ လျာထားချက်စိုက်ဧကပြည့်မီရန်လိုသကဲ့သို့ အထွက်တိုးရန်လည်း လိုပါသဖြင့် သမဝါယမအသင်း များကလည်း လုပ်အား၊ ငွေအား၊ နည်းပညာအား ပေါင်းစပ်၍ လည်းကောင်း၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးကြပါရန်နှင့် အခက်အခဲများကိုလည်း ပွင့်လင်းမြင်သာစွာ တင်ပြစေလိုပါကြောင်း ဆွေးနွေးပြောကြားပါသည်။
ယင်းနောက် တက်ရောက်လာသူ တိုင်းဒေသကြီး/ပြည်နယ်သမဝါယမဦးစီးဌာနမှူးများနှင့် သမဝါယမအသင်းစုချုပ်များမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့်အခြေ အနေများနှင့် အထွက်တိုးမျိုးများစိုက်ပျိုးဆောင်ရွက်မှုအခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ သည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ ထုတ်လုပ်ဖြန့်ဖြူးသော စမ်းဝတီ သဘာဝမြေဩဇာများကိုလည်း အသင်းသားတောင်သူများအားလိုအပ်ပါက သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။