Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲကျင်းပ


25 Oct,2024

နေပြည်တော်၊ အောက်တိုဘာ ၂၅

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်မြှင့်မားပြီး လုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲဆောင်ရွက်တတ်စေရန်နှင့် ဝန်ထမ်းငယ်များအပေါ် စီမံကြီးကြပ်ရာတွင် ပိုမိုချောမွေ့ အောင်မြင်လာစေရန်၊ ခေါင်းဆောင်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့သော အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် သင်တန်း သားများ တက်ရောက်ကြပါသည်။

         ဦးစွာ ညွှန်ကြားရေးမှူးချုပ်က ယခု သင်တန်းသားများသည် ဌာနများ၌ အထောက်အကူပြု အရာထမ်းအဆင့်များပါဝင်သကဲ့သို့ ခရိုင်ရုံးများ၊ သင်တန်းကျောင်းများတွင် ခေါင်းဆောင်အဆင့် တာဝန်ယူဆောင်ရွက်နေရသည့် အရာထမ်းများလည်း ပါဝင်သောကြောင့် စွမ်းရည်ပြည့်ဝသော ဝန်ထမ်းများ ဖြစ်လာစေရန်အတွက် မိမိတို့ကိုယ်တိုင် သို့မဟုတ် မိမိတို့ အဖွဲ့အစည်းအတွက် အစဉ် အမြဲကြိုးစားအားထုတ် နေကြရမည် ဖြစ်ပါကြောင်း၊ ယခု သင်တန်းက သင်ယူရရှိသည့် ဗဟုသုတ၊ အတွေ့အကြုံများသည် နောင်တွင် ရာထူများတိုးမြှင့်၍ တိုင်း/ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများ၊ သင်တန်း ကျောင်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြသည့်အချိန်တွင် ရုံးလုပ်ငန်းများကို ပိုင်နိုင်ကျွမ်းကျင် စွာ အောင်မြင်ပြီးမြောက်အောင် ဦးစီးဆောင်ရွက်နိုင်မည်ဖြစ်ပြီး ခေါင်းဆောင်မှုစွမ်းရည်ပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ကောင်း၊ စေတနာ ကောင်းများဖြင့် ဆောင်ရွက်ကြရန်နှင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိ ပါသည်။

          ယခုဖွင့်လှစ်သော အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် သင်တန်းသား အရာထမ်းအဆင့်ဝန်ထမ်း (၂၁)ဦးအား ခေါင်းဆောင်မှုဘာသာရပ်၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဘာသာရပ်၊ ရုံးလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ်၊ ထူးချွန်ထက်မြတ်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရန် စွမ်းဆောင်ရည်မြှင့်တင်ရေးဘာသာရပ်၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်၊ ဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းအကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ စသည်တို့ကို ဆွေးနွေးပို့ချပေးခဲ့ပြီး အဖွဲ့အစည်းနှင့် ဆောင်ရွက် ရာတွင် အရေးကြီးသည့် စိတ်ဓာတ် (Team Work Spirit) ဖြင့် လုပ်ငန်းတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်အတွက် Group Presentation များကို ဆောင်ရွက်စေခဲ့ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm