Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


16 Oct,2024

နေပြည်တော် အောက်တိုဘာ ၁၆

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ် ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ် (၃) ခုအတွင်းမှ ကျေးရွာ (၄) ရွာရှိ ရေဘေးသင့် နေအိမ်များအနက် အလုံးစုံပြန်လည်ပြင်ဆင်ရမည့် နေအိမ်(၃၄) လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း (၁၀) လုံး၊ စုစုပေါင်း (၄၄) လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ လှူဒါန်းငွေ ကျပ် သိန်း (၃၀၀၀) ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကွက်သစ်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နေအိမ်များ ပန္နက်တင် ပြန်လည်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဒုတိယဝန်ကြီး သည် နေအိမ်ထိခိုက် ပျက်စီးသွားသော ရွာသူရွာသားများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ယနေ့စတင်ဆောက်လုပ်မည့်အိမ်ကို ပန္နက်ရိုက်ခြင်း၊ တိုင်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တစ်စိတ်တစ်ပိုင်းပြင်ဆင်ပေး ရမည့် အိမ်များကို လိုက်လံကြည့်ရှု့ကာ   လိုအပ်သည်များ ညှိနှိုင်း မှာကြားသည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် ကျွန်ဦးကျေးရွာ ဘက်စုံသုံးခန်းမသို့ သွားရောက်၍ ကျွန်းဦး စိုက်ပျိုးရေးနှင့် အထွေထွေစီးပွား ရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ (၁၇) ဦး နှင့် တွေ့ဆုံကာ အသင်းသားပိုင် စိုက်ပျိုးမြေ (၅၈.၅) ဧကတွင် ဆောင်းသီးနှံ မတ်ပဲစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးပြီး မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက လှူဒါန်းထားသော မတ်ပဲမျိုး (၅၈၅) ပိဿာကို တောင်သူများထံ ပေးအပ်ခဲ့သည်။ ယင်းနောက် အသင်းသားတောင်သူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ၎င်းနောက် ဒုတိယဝန်ကြီးသည် ကျွန်းဦး ခေတ်မီစံပြကျေးရွာ (Smart Village) ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော ပဲကြော်၊ ပဲလှော်ဖို (၄၉) ဖိုအနက် (၄၂) ဖို ပြန်လည် ပြုပြင်ပြီးစီးမှုနှင့် လုပ်ငန်းများ စတင်လည်ပတ်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ကျေးရွာတွင် သဘာဝရေဘေးကြောင့် ပဲကြော်၊ ပဲလှော်ဖို လုပ်ငန်းများနှင့် အခြားထုတ်ကုန် လုပ်ငန်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနက တန်ဖိုးမြှင့်ကုန်ထုတ်သမဝါယမအသင်း(၁၈)သင်း ဖွဲ့စည်းပေးပြီး အသင်း သား (၁၁၈) ဦး၏ ပဲကြော်၊ ပဲလှော်၊ စာလေးခွေ၊ ဆီစက်လုပ်ငန်းများအတွက် ငွေကျပ်သိန်း (၁၄၅၀) ကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေး ပေးခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်ပေးခြင်း ကြောင့် ပဲလှော်ဖိုများ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်း လုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ပြီ ဖြစ်ပါသည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျွန်းဦးကျေးရွာ အဝင်လမ်းတွင် ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် မူလကွန်ကရစ်ပြွန်ဟောင်းနေရာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကျယ် ၂ ပေ၊ အရှည် ၂၀ ပေရှိ ရေပြွန် ၂ စင်းတွဲ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ကျွန်းဦးမှ ဈေးကုန်းသို့ သွားရောက်သည့် လမ်းပေအရှည် (၂၇၀၀ ပေ)တွင်  လမ်းပခုံးပဲ့ကျသွားသောနေရာအား လမ်းပခုံး ကျောက်ရောမြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm