Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်သူကြီးများ လူမှုစီးပွားဘဝဖွံ့ဖြိုးရန် လိုအပ်ချက် ဖြည့်ဆည်းပေးမည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာမြစိမ်းရောင်စီမံကိန်း(MSY)


17 Aug,2022

ခန့်ဇော် (ကျေးလက်)

စာရေးသူအနေဖြင့် မြစိမ်းရောင်စီမံကိန်းနဲ့ပတ်သက်တဲ့ဆောင်းပါး (၄) ပုဒ်ကို နိုင်ငံပိုင် သတင်းစာများမှာ ရေးသားဖော်ပြခဲ့ပြီး စာရေးသူရဲ့ “ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆောင်းပါးစုစည်းမှု” စာအုပ်မှာလည်း ထည့်သွင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

          Covid-19ဖြစ်ပွားမှုနဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးဟာ စီးပွားရေး ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ် ဘီလီယံ (၄၀၀)ကို စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသောစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးသီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး (၁၂.၈.၂၀၂၂)ရက်နေ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းများသို့ ရန်ပုံငွေ ကျပ်ဘီလီယံ (၃၃၀) လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

          မြန်မာနိုင်ငံအနေနဲ့ Myanmar Economic Recovery Plan (MERP)၊ Covid-19 Economic Recovery Plan(CERP)အစီအစဉ်များရေးဆွဲပြီး ထိခိုက်မှုများ လျော့ပါးသက်သာအောင် ဆောင်ရွက် လျက်ရှိပါတယ်။ CERPအစီအစဉ်အရ ၂၀၂၀ခုနှစ်မှာ အသေးစားနှင့် အလတ်စားစီးပွားရေး (SME) လုပ်ငန်းများကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ပေးခဲ့သလို ဆက်လက်ထုတ်ပေး လျက်လည်းရှိပါတယ်။ ဒါ့အပြင် Cash for Work (CfW) စီမံကိန်း၊ Village Revolving Fund Project (VERP)စီမံကိန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိ အကျိုးပြုနိုင်ခဲ့ပါတယ်။ Cash for Work(CfW)စီမံကိန်းကတော့ ကျေးရွာကုန်ထုတ်လုပ်မှုနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်သားအင်အားအသုံးပြုရတဲ့ Labour Intensive နည်းလမ်းနဲ့ ကျေးရွာလူထု ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်စေတာဖြစ်ပြီး Village Revolving Fund Project(VERP) ကတော့ မြစိမ်းရောင်ကျေးရွာစီမံကိန်းလိုပဲ ကျေးလက်နေလုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ကိုင်နေသူများ စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (မတည် ရန်ပုံငွေ) ထူထောင်ပေးတာဖြစ်ပါတယ်။

          မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေး၊ မွေး မြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဟာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံး အခန်းကဏ္ဍက ပါဝင်ပါတယ်။ စိုက်ပျိုးမွေးမြူရေးတောင်သူများရဲ့ အဓိကလိုအပ်ချက်မှာ မျိုး၊ သွင်းအားစု၊ နည်းပညာနဲ့ ဈေးကွက်တို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများရဲ့ဖြစ်စဉ်များကြောင့် သွင်းအားစုများ ဈေးကြီးလာခြင်း၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် အဓိကအရေးပါတဲ့စက်သုံးဆီဈေးကြီးမြင့်လာခြင်းတို့ဟာလည်း တောင်သူများအတွက် ကြီးမားတဲ့ထိုးနှက်ချက်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သွင်းအားစု မသုံးနိုင်၊ သွင်းအားစုမသုံးတော့ အထွက်နှုန်းကျ၊ အထွက်နှုန်းကျတော့ ပြည်ပတင်ပို့မှုကျ…ဒီလိုနဲ့ နိုင်ငံ့စီးပွားရေး၊ တောင်သူ့စီးပွားရေးကို ထိခိုက်လာစေမှာဖြစ်ပါတယ်။

          ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့တာဝန်ပေးချက်အရ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ယူရီးယားဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီကို ဖွဲ့ စည်းကာ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဝင်ကုမ္ပဏီများနှင့် Consortium ဖွဲ့စည်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး မိုးစပါးရာသီအမီ ဓာတ်မြေဩဇာသွင်းအားစုကို သက်သာသောနှုန်းဖြင့် အချိန်မီတင်သွင်း ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ယူရီးယားဓာတ်မြေဩဇာ (၈၀,၃၇၀)တန်၊ ကွန်ပေါင်းဓာတ်မြေ ဩဇာ(Compund)(၃၀,၁၂၄)တန်တင်သွင်းနိုင်ခဲ့ပြီး ယခင်(၁)အိတ်လျှင် ကျပ်(၁)သိန်းကျော်ပေးရသည့် ယူရီးယားဓာတ်မြေဩဇာကို ရန်ကုန်အထိုင်ဈေး (၈၆၀၀၀)ကျပ်ဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။

          ထို့နည်းတူ စားသုံးဆီဖူလုံရေးစီမံချက်ကို ရေးဆွဲခဲ့ပြီး မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဆီထွက်သီးနှံ “နေကြာ” တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် နေကြာမျိုးစေ့ထုတ်လုပ်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်းနှင့် နှုန်းထားသတ်မှတ်ခြင်း၊ စိုက်ပျိုး ဧရိယာရွေးချယ်ခြင်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုးမည့်တောင်သူရွေးချယ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ကာ မျိုးစေ့ဖြန့်ဖြူးခြင်းကို မျိုးစေ့သမအသင်း များမှဆောင်ရွက်၍ မြစိမ်းရောင်ချေးငွေထုတ်ချေးခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ တာဝန်ယူဆောင်ရွက်ပါတယ်။ မျိုးစေ့ထုတ်လုပ်ရန်လိုအပ်သောသွင်းအားစုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးပါတယ်။

          ထွက်ရှိလာသောမျိုးများကို လာမည့်ဆောင်းရာသီတွင် နေကြာ ပြန်လည်စိုက်ပျိုးထုတ်လုပ်နိုင် ရေးအတွက် မျိုးဝယ်ယူနိုင်ရေးနှင့် သွင်းအားစုအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)မှ ကျေးရွာ(၄၅၇)ရွာတွင် မတည်ရန်ပုံငွေ ကျပ်(၆၉၆၀)သန်းဖြင့် ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဆီထွက် သီးနှံနေကြာစိုက်ပျိုးထုတ်လုပ်မယ့်ဒေသတွေမှာ ရေလိုအပ်ချက်ရှိပါက ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး အသေးစားရေ ရရှိရေးလုပ်ငန်းများကို Solar Pumpingစနစ်ဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လက်ရှိမှာ မကွေးတိုင်းဒေသကြီး၊  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်(၈)မြို့နယ်၊  ကျေးရွာ (၉)ရွာတွင် ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း (၁၅)ခုကို ရန်ပုံငွေ ကျပ် (၁၃၈.၇၂၈) သန်းဖြင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ လက်ရှိအချိန်အထိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)အပါအဝင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၁၂,၃၇၃) ရွာ အတွက် ရန်ပုံငွေ ကျပ် (၃၅၄.၆၄)ဘီလီယံဖြင့် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာ (၁၄,၅၆၅) ရွာကို အကျိုးပြုနိုင်လျက်ရှိပါတယ်။

          (၁၂.၈.၂၀၂၂)ရက်နေ့မှာတော့ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့များ၏စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က “နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ”အနက်မှ ငွေကျပ် (၁၀၀) ဘီလီယံထောက်ပံ့ပေးခဲ့ပါတယ်။

          စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်စေရန်၊ မိသားစုဝင်ငွေ တိုးပွားလာစေရန်၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိပြီး အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်နိုင်ရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သောကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန်၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုစေရန်စသော ရည်မှန်းချက်များဖြင့် စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်စေတာဖြစ်ပါတယ်။ ဆောင်ရွက်မည့်ဒေသများအလိုက် ရန်ပုံငွေလျာထားချက်အနေနဲ့

(က)    ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့အား ပြည်နယ်တစ်ခုလျှင် ငွေ ကျပ် (၁၀) ဘီလီယံနှုန်းဖြင့် (၃)ပြည်နယ်အတွက် ငွေ ကျပ် (၃၀)ဘီလီယံ၊

( ခ )    ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး တို့အား ပြည်နယ်တစ်ခုလျှင် ငွေ ကျပ် (၈) ဘီလီယံနှုန်းဖြင့် (၄)ပြည်နယ်နှင့်

           တိုင်း ဒေသကြီး (၁)ခုတို့အတွက် ငွေ ကျပ် (၄၀)ဘီလီယံ၊

( ဂ )   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ(၆)ခုအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတစ်ခု လျှင် ငွေ ကျပ် (၅) ဘီလီယံနှုန်းဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ

         တိုင်း/ဒေသ(၆)ခုအတွက် ငွေကျပ် (၃၀) ဘီလီယံ ဖြစ်ပြီး စုစုပေါင်း ငွေကျပ် (၁၀၀) ဘီလီယံ ဖြစ်ပါတယ်။

စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် အခြေခံရမည့်မူများ

          စီမံကိန်းကျေးရွာများရွေးချယ်ရာတွင် အောက်ဖော်ပြပါအချက်များအပေါ်အခြေခံပြီး ပွင့်လင်း မြင်သာမှုရှိစွာ စိစစ်ရွေးချယ်ရမှာဖြစ်ပါတယ်-

(က)    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိမှု၊

( ခ)    တရားဥပဒေစိုးမိုးမှု၊

( ဂ)    ကျေးရွာသူ/ကျေးရွာသားများ၊ သမဝါယမအသင်းသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ်မှု၊ (ကျေးရွာများမှ စီမံကိန်းဆောင်ရွက်ရန်

          လိုလားစွာတင်ပြတောင်း ဆိုမှု)၊

(ဃ)    လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊

( င)    အခြားဦးစီးဌာနများမှ လုပ်ဆောင်နေသောမြစိမ်းရောင်စီမံကိန်းများနှင့် ထပ်မနေရ။

စီမံကိန်းဧရိယာ

          စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်းကို ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့်/ ပလောင်/ ပအို့/ ဓနု/ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဦးစီးအဖွဲ့များမှ သတ်မှတ်စံနှုန်း နှင့်အညီ ရွေးချယ်သည့် စီမံကိန်းကျေးရွာများတွင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အတိုးနှုန်းနှင့် အတိုးနှုန်းကောက်ခံရန် ကာလသတ်မှတ်ခြင်း

          မြစိမ်းရောင်မတည်ရန်ပုံငွေမှ ကျေးရွာသူ၊ ကျေးရွာသားများ၊ သမဝါယမအသင်းသား များအား ချေးငွေထုတ်ချေးပေးရာတွင် အတိုးနှုန်းကို ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား(၅၀) နှုန်းမှ (၁)ကျပ်ပြား(၅၀)နှုန်းအတွင်း ကျေးရွာမြစိမ်းရောင်စီမံကိန်းကြီးကြပ်မှုကော်မတီ(သို့မဟုတ်) သမဝါယမ အသင်းမှ အများသဘောတူ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ပေးနိုင်ပြီး အတိုးကောက်ခံ ခြင်းကို (၆)လတစ်ကြိမ် သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်။

ချေးငွေသက်တမ်းကာလ

          ချေးငွေသက်တမ်းကာလအား အောက်ပါအတိုင်း သတ်မှတ်သွားရန် စီစဉ်ထားရှိပါတယ်-

(က)    နှစ်ရှည်သီးနှံစိုက်ပျိုးရေးလုပ်ငန်း (ဥပမာ-ကော်ဖီ၊ လက်ဖက်စသည်)အတွက် ချေးငွေ သက်တမ်း(၃)နှစ်၊ ရာသီပေါ်သီးနှံများအတွက် ချေးငွေသက်တမ်း (၁)နှစ်၊

( ခ )     မွေးမြူရေးလုပ်ငန်း(အသားကဏ္ဍ)တွင် ကျွဲ/ နွား/ နွားနောက်/ မြင်းတို့အတွက် ချေးငွေသက်တမ်း (၃)နှစ်၊ ဝက်/ သိုး/ ဆိတ်/ ကြက်/ ဘဲတို့အတွက်

            ချေးငွေသက်တမ်း (၁)နှစ်၊

( ဂ )     ငါးလုပ်ငန်းအတွက် ချေးငွေသက်တမ်း (၁)နှစ်၊

(ဃ)    သမဝါယမအသင်းမှဆောင်ရွက်မည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှု သမဝါယမလုပ်ငန်းများအတွက် ချေးငွေသက်တမ်း (၁)နှစ်ဖြစ်ပြီး

           ချေးငွေပေးဆပ်ကာလ(၃)နှစ်အထိ ခွင့်ပြုပေးထားတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအနေနဲ့တော့ ချေးငွေစာချုပ်ကို နှစ်စဉ်သက်တမ်းတိုးဆောင်ရွက်ဖို့

           လိုအပ်မှာဖြစ်ပါတယ်။

ချေးငွေဖြင့်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ

          ကျေးလက်အိမ်ထောင်စုများ၊ သမဝါယမအသင်းသားများအနေနဲ့ အရင်းမပျောက်လည်ပတ် ရန်ပုံငွေအား ရယူ၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမအသင်းဖြင့် ဆောင်ရွက်သည့် စီးပွားမြင့်မားရေးလုပ်ငန်းစတဲ့လုပ်ငန်းများကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်မယ်ဆိုရင် ချေးငွေကို နှစ်ရှည်သီးနှံ/ ရာသီပေါ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းအပြင် ကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများတွင် အထောက်အကူရရှိစေရန် ဆောင်ရွက်လိုပါကလည်း ဆောင်ရွက်နိုင် ပါတယ်။ မွေးမြူရေး(အသားကဏ္ဍ)ဆိုပါက ချေးငွေ၏(၇၀)ရာခိုင်နှုန်းကို တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း အတွက်ဆောင်ရွက်ပြီး ကျန်(၃၀)ရာခိုင်နှုန်းအား စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်းများ ဆောင်ရွက် လိုက ဆောင်ရွက်နိုင်ပါတယ်။ မွေးမြူရေး(ငါးကဏ္ဍ) ဆောင်ရွက်မယ်ဆိုရင် ချေးငွေ၏(၆၀)ရာခိုင်နှုန်းကို ငါးလုပ်ငန်းအတွက်ဆောင်ရွက်ပြီး ကျန်(၄၀)ရာခိုင်နှုန်းကို စိုက်ပျိုးရေးလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လိုပါက ဆောင်ရွက်နိုင်ပါတယ်။ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်ဆိုပါကလည်း ချေးငွေအား (၁)နှစ်ထုတ်ချေးပေးပြီး ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ဆောင်ရွက်နိုင်ပါတယ်။ လက်ရှိဖွဲ့စည်းပြီး သမဝါယမအသင်းများနှင့် ထပ်မံတိုးချဲ့ဖွဲ့စည်းမည့်သမဝါယမအသင်းများအတွက်လည်း ဆောင်ရွက် နိုင်ပါတယ်။ ကျေးရွာရှိ ဖြစ်နိုင်ချေရှိသော စိုက်ပျိုးမွေးမြူရေးအရင်းအမြစ်များအပေါ် အခြေခံပြီး လက်တွေ့ကျကျဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

တာဝန်ယူဆောင်ရွက်မည့်အခန်းကဏ္ဍ

          ယခုဆက်လက်ပြီး ချေးငွေ လိုအပ်နေသေးတဲ့ဒေသများ၊ ကျေးရွာများနဲ့ စိုက်ပျိုးရေး အဓိက ဆောင်ရွက်မယ့်ရွာတွေမှာ သီးနှံအခြေပြုစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး ဦးစီးဌာနကလည်းကောင်း၊ မွေးမြူရေး အဓိကဖြစ်ထွန်းမယ့်ဒေသတွေမှာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကလည်းကောင်း၊ ငါးလုပ်ငန်း ဖြစ်ထွန်းမယ့်ဒေသ တွေမှာ ငါးလုပ်ငန်းများ ဆောင်ရွက်ရန် ငါးလုပ်ငန်းဦးစီးဌာနကလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်နိုင်ချေရှိသောဒေသများတွင် သမဝါယမအစုအဖွဲ့စနစ်ဖြင့် သမဝါယမဦးစီးဌာနမှလည်းကောင်း တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်နိုင်ရန် စီမံကိန်းDesignရေးဆွဲခြင်းနဲ့ နည်းပညာပံ့ပိုးခြင်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့မှ ကြီးကြပ်မှာဖြစ်ပါတယ်။

          စီမံကိန်းကျေးရွာရွေးချယ်ခြင်း၊ အနီးကပ်ကြီးကြပ်ကွပ်ကဲခြင်းတို့ကို သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

          ဒီမှာလည်း ဖြစ်လာနိုင်တဲ့ Riskတွေကို ကြိုတင်စဉ်းစားဆောင်ရွက်ကြရပါမယ်။ တရားဥပဒေ စိုးမိုးသောကျေးရွာများ၊ အမှန်တကယ်အကောင်အထည်ဖော်နိုင်မယ့်ကျေးရွာများကို စိစစ်ရွေးချယ်ရန် လိုပါတယ်။ အမှန်တကယ် ကြီးကြပ်နိုင်ရန် လိုအပ်သော အုပ်ချုပ်ထောက်ပံ့စရိတ်တွေကို စီမံချက်မှာ ပါဝင်အောင် ရေးဆွဲရန်နှင့် စနစ်တကျသုံးစွဲရန်လည်း လိုအပ်ပါတယ်။ တကယ်လုပ်မယ့်တောင်သူ အစုအဖွဲ့များကိုသာ ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ အလုပ်မလုပ်တဲ့သူတွေကို ရွေးမိရင် မအောင် မြင်နိုင်ပါ။ အမှန်တကယ် ဆောင်ရွက်မယ့်သူတွေ၊ အမှန်တကယ်ဆောင်ရွက်မယ့်ကော်မတီဝင်တွေ၊ အမှန်တကယ်ဆောင်ရွက်မဲ့သမဝါယမအသင်းအမှုဆောင်တွေကို ရွေးချယ်ဆောင်ရွက်ဖို့ လိုပါတယ်။ စီမံကိန်းကြီးကြပ်မယ့်ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်မြှင့်တင်ရေးဟာ အရေးကြီးပါတယ်။

           ဝန်ထမ်းတွေ ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်သင်ကြားမှုကို ဦးစွာစုဖွဲ့လေ့ကျင့်ပြီးမှ ပြည်နယ်/ တိုင်းအလိုက်၊ ခရိုင်အလိုက်၊ မြို့နယ်အလိုက် Pilot (၁)ရွာချင်းစီလုပ်ပြီးမှ Scale Up တိုးချဲ့ ဆောင်ရွက်တဲ့နည်းလမ်းကို သုံးသင့်ပါတယ်။ အထောက်အပံ့ပေးနိုင်မယ့်ဌာနများက ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးနိုင်ရေးကိုလည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ ကြိုတင်စီမံသင့်ပါတယ်။ စောင့်ကြည့်စစ်ဆေး ရေးအတွက် Monitoring & Evaluation(M&E)စနစ် အရေးကြီးပါတယ်။ ပုံမှန်ကြီးကြပ်စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ နှစ်စဉ် သုံးသပ်ပြီး လိုအပ်ချက်များကို ပြုပြင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မြစိမ်းရောင် စီမံကိန်းမှာ ဌာနနဲ့ ကျေးရွာများ မပြတ်ထိတွေ့နေမှ နည်းပညာပံ့ပိုးမှု၊ ကြီးကြပ်ပံ့ပိုးမှု အပြည့်ရပြီး စီမံကိန်းအောင်မြင်မှာဖြစ်လို့ တရားဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့များရဲ့ကြီးကြပ်မှုနဲ့ ပံ့ပိုး မှုဟာ အလွန်အရေးကြီးပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။

          မြစိမ်းရောင်ကျေးရွာစီမံကိန်းက နိုင်ငံတော်မှ ထောက်ပံ့တဲ့မတည်ရင်းနှီးငွေကို ကျေးရွာသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် မတည်ပေးပြီး ကျေးရွာလုပ်ငန်းအဖွဲ့၏ တိုက်ရိုက်စီမံခန့်ခွဲ မှုနဲ့ အိမ်ထောင်စုများအား ချေးငွေထုတ်ချေးခြင်းဖြစ်လို့ ကျေးရွာလူထုအနေနဲ့ မိမိတို့ဆောင်ရွက် လိုတဲ့စိုက်ပျိုးမွေးမြူရေးအပါအဝင် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ကိုယ်တိုင် လုပ်ကိုင် လည်ပတ်ဆောင်ရွက်နိုင်ပါသည်။ အကျိုးဆက်အနေနဲ့ သွင်းအားစုအရောင်းဆိုင်များ၊ ကုန်စည်ဒိုင်များ၊ လက်လီ၊ လက္ကားအရောင်းဆိုင်များ၊ ကုန်ထုတ်လုပ်သူများသည် မိမိတို့၏စီးပွားရေးလုပ်ငန်းများအား လည်ပတ်ဆောင်ရွက်နိုင်ပြီး ကုန်စည်ရောင်းဝယ်ဖောက်ကားမှု ပုံမှန်လည်ပတ်စေသဖြင့် အောက်ခြေ မြို့နယ်၊ ကျေးရွာအဆင့်၌ မိုက်ခရိုစီးပွား ရေးတည်ငြိမ်မှု( Micro Economic Stability)ကို များစွာ အထောက်အကူဖြစ်ပေါ်စေခဲ့ကြောင်း သုံးသပ်ရရှိပါတယ်။

          ဒါ့အပြင် စိုက်ပျိုးရေး/ မွေးမြူရေး/ ကုန်ထုတ်လုပ်မယ့်တောင်သူတွေ၊ ကျေးရွာတွေဟာ သက်သာသောအတိုးနှုန်း[ပြား(၅၀)မှ(၁)ကျပ် ပြား(၅၀)နှုန်း]နဲ့ရင်းနှီးမတည်ငွေ ရတယ်။ မတည်ငွေ၊ သွင်းအားစု၊ စိုက်ပျိုးမွေးမြူရေးစရိတ်များ အသုံးချနိုင်မယ်။ ချေးငွေ လက်လမ်းမီမှုရှိတယ်။ အပေါင် ထားစရာမလိုဘူး။ အတိုးနှုန်းသက်သာမှုကြောင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှာ အကျိုးအမြတ် ပိုရမှာဖြစ်ပြီး ဝင်ငွေလည်း တိုးစေမှာဖြစ်ပါတယ်။ ချေးငွေအတိုးနှုန်းကြီးမြင့်ပါက အတိုးပိပြီး ရှာသမျှ အတိုးဆပ်ရတာနဲ့တင် သံသရာလည်နေမှာဖြစ်ပါတယ်။ ရေရှည်ဆက်လက် ဆောင်ရွက်နိုင်ဖို့ကတော့ တောင်သူများရဲ့တာဝန်ဖြစ်ပါတယ်။ “လဲနေသူ ထူပေးပါ”ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ လဲနေသူကို ထူပေးရပါမယ်။ သို့ပေမဲ့ ထူပေးမယ့်သူက ထူးပေးရင်တောင် လဲနေသူက “ထ”နိုင်မှ ဖြစ်ပါမယ်။ ထချင်စိတ် ရှိမှ ရပါမယ်။ ထနိုင်ဖို့ ကိုယ်တိုင် ကြိုးစားကြရပါမယ်။

          နိုင်ငံတော်အစိုးရအနေနဲ့တော့ စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်း(MSY)ကို နိုင်ငံ့စီးပွား ရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာစေဖို့ ပင်မအားဖြစ်တဲ့ တောင်သူကြီးများအတွက် ဦးတည် ဆောင်ရွက်ပေးလိုက်တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပေးခြင်း အားဖြင့် အထက်မှာပြောခဲ့သလိုပဲ Microeconomic Levelအနေနဲ့ ကျေးရွာတွေ၊ ကုမ္ပဏီတွေဆီ အဆင့်ဆင့်ငွေကြေးစီးဆင်းမှု ရောက်ရှိသွားစေမှာဖြစ်လို့ လက်ရှိရင်ဆိုင် ကြုံတွေ့နေရတဲ့ငွေကြေး ဆိုင်ရာအခက်အခဲတွေအတွက် Financial Injection ထိုးပေးလိုက်သလိုပါပဲ။

          ကောင်းကျိုးအနေနဲ့က ဈေးကွက် ခိုင်မာမှုရှိစေသလို အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးကို အထောက်အကူပြုစေပြီး တစ်ဖက်မှာလည်း စီးပွားရေးတည်ငြိမ် မှုကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။ ဒီလိုရလဒ်ကောင်းတွေရရှိလာဖို့အတွက် သက်ဆိုင်သူ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်။ အဆင်ပြေနိုင်ပါတယ်။ ဒါ့ကြောင့် “အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက၊ တောင်သူများ၊ သက်ဆိုင်သူများ အားလုံး ပြိုင်တူ တွန်းကြပါစို့၊ ကြိုးပမ်းကြပါစို့”၊ “စေတနာရှေ့ထား ဆောင်ရွက်ကြပါစို့”။ “တို့လုပ်မှ ရမယ်၊ တို့ လုပ်နိုင်တယ်” ဆိုတဲ့ အသိနဲ့ “နိုင်ငံသားတိုင်း နိုင်ငံသားတာဝန် ကျေပွန်ကြပါစို့”ဟု တိုက်တွန်းလိုက်ရပါတယ်။

 

 


ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm