Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မိတ္ထီလာမြို့နယ် မိသားစုဝင်ငွေတိုး အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းပွဲ တက်ရောက်


10 Oct,2024

နေပြည်တော် အောက်တိုဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နို့စားနွားမွေးမြူရေးစီမံကိန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်တို့ရှိ ကျေးရွာ ၁၅ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှ ကျပ် သန်း ၃၀၀၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေမှ ကျပ်သန်း ၁၅၀ နှင့် သက်မွေးအစုအဖွဲ့များမှ ထည့်ဝင်ငွေကျပ်သန်း ၁၅၀၊ စုစုပေါင်းကျပ်သန်း ၆၀၀ ဖြင့် စပ်မျိုး နွား (၂၃၆) ကောင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစတင်၍ မွေးမြူဆောင်ရွက်လျက်ရှိရာ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကန်တောင်ကျေးရွာအုပ်စု၊ ကန်သာအေးကျေးရွာသို့ သွားရောက်၍ မြစိမ်းရောင်နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော အစုအဖွဲ့များနှင့် တွေ့ဆုံကာ မျိုးစပ်မှု၊ အစာကျွေးမွေးမှု စနစ်တကျရှိရေးနှင့် နွားခြံများ သန့်ရှင်းရေး၊ ထွက်ရှိသော နို့နှင့် နို့ထွက်ပစ္စည်း၊ အသားအတွက် ဈေးကွက်ရရှိရေး၊ ဒေသခံတောင်သူများ၏ ဆီထွက်သီးနှံနှင့် စက်မှုသီးနှံ ဝါစိုက်ပျိုးရေးတို့တွင် သမဝါယမစနစ်ဖြင့် လက်တွဲကူညီပံ့ပိုး ဆောင်ရွက်ပေးရေး ဆွေးနွေးမှာကြားသည်။ ဆက်လက်ပြီး အစုအဖွဲ့များ၏ နွားမွေးမြူထားမှုအား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့ မြို့တော်ခန်းမသို့ သွားရောက်ကာ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သည့် စက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ နှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသား သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ၊ ထူးချွန်ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်း သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်းတန်းဆင်းလက်ရာများအား ကြည့်ရှုအားပေးခဲ့သည်။

မိတ္ထီလာမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပျော်ကုန်းကျေးရွာနှင့် လိန်တောကျေးရွာတို့အတွက် စက်ချုပ်နည်းပညာသင်တန်းကို သင်တန်းသူ(၁၇)ဦးဖြင့်လည်းကောင်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သင်တန်းသားသင်တန်းသူ (၁၅) ဦးဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ထိုသင်တန်းသားများထဲမှ ထူးချွန်သူ (၅) ဦးစီကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင် (၆) လ သင်တန်းသို့ တက်ရောက်နေသော သင်တန်းသူများ၏ လက်တွေ့ရက်လုပ်နေမှုကိုလည်းကောင်း၊ သင်တန်းသားသင်တန်းသူအိပ်ဆောင်၊ ထမင်းစားဆောင်၊ ရေချိုးခန်းတို့ကိုလည်းကောင်း၊ ရိုးရာ လက်မှုပညာပစ္စည်းပြခန်းဆောင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ပျော်ကုန်း-အုတ်ဖို ကျေးရွာချင်း ဆက်လမ်းအရှည် (၄) ဖာလုံ  ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါလမ်း ၃ မိုင် ၆ ဖာလုံတွင် ၂ မိုင် ၄ ဖာလုံ ကတ္တရာခင်းပြီးဖြစ်၍ ကျန်လမ်းပိုင်းအား ဆက်လက်ဆောင်ရွက်ပေး နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းမှာကြားကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ပစ်တောင်ကျေးရွာသို့ သွားရောက်ပြီး စက်ပစ်တောင် နို့စားနွားမွေးမြူရေးသမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စက်ပစ်တောင်ကျေးရွာတွင် (၁၆၈) ကောင် မွေးမြူထား သည့် အခြေအနေကိုလည်းကောင်း၊ ကျန်ကျေးရွာ (၆) ရွာတွင် (၇၅၃) ကောင် မွေးမြူထားမှုကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မွေးမြူရေးသမဝါယမအသင်းများ၏ လိုအပ်ချက် ဖြစ်သော နွားနို့ညှစ်စက် အသုံးပြုနိုင်ရေး၊ နွားစာမြက်စိုက်ပျိုးမည့် မြေ (၆) ဧကတွင် မြေညှိ ပေးရေးနှင့် နေဗီယာမြက်မျိုး ရရှိရေး၊ ရာသီချိန်ဖြစ်ပေါ်တတ်သော ရောဂါများမှ ကာကွယ်ပေးရေး နှင့်စပ်လျဉ်း၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm