Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


08 Oct,2024

နေပြည်တော် အောက်တိုဘာ ၈

          သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ် ရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် အုန်းပင်-တောင်ပို့သာကျေးရွာချင်းဆက်လမ်းပေါ်ရှိ အရှည်ပေ ၆၀ ရှိ လယ်ငယ်ချောင်းကူး ဘေလီတံတားမှာ လယ်ငယ်ချောင်းတစ်လျှောက် ရုတ်တရက်ရေကြီးရေလျှံမှု များကြောင့် ရေတိုက်စားမျှောပါပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ် တောက်စေရေး အရှည်ပေ ၁၂၀ ရှိ ယာယီဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများ ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားပါသည်။ အဆိုပါ တပ်ကုန်းမြို့နယ် အုန်းပင်-တောင်ပို့သာကျေးရွာချင်းဆက် လမ်းပေါ်ရှိ လယ်ငယ်ချာင်းကူးတံတားအား ဘေလီတံတားထိုး ပြင်ဆင်ပြီးဖြစ်ပါသဖြင့် အများ ပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ တောင်ပို့သာကျေးရွာနှင့် သကြားဟင်းအိုးကျေးရွာချင်းဆက်လမ်းပေါ်ရှိ ညောင်ကိုင်းချောင်းကူး သံကူကွန်ကရစ်တံတားမှာ ညောင်ကိုင်းချောင်းရုတ်တရက်ရေကြီးရေလျှံပြီး ရေလမ်းကြောင်းပြောင်းလဲမှုကြောင့်  ချဉ်းကပ် လမ်းများရေတိုက်စားပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအစဉ်များအား အမြန်ဆုံး တင်ပြသွားရန်လိုအပ်ကြောင်း၊ ကျေးရွာတောင်သူများမှ တင်ပြသည့် စိုက်ပျိုးမြေဧက ၂၀၀ ကျော်ပေါ်တွင် ရေကြီးရေလျှံမှုများကြောင့် တင်ရှိနေသည့် သစ်တုံးသစ်လုံးများ၊ အမှိုက်များ၊ ဒိုက်များအား ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် လိုအပ်သည့် ယန္တရားများကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒါမှသာ အချိန်မီ စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း၊ ကျေးရွာတောင်သူများမှလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာ အုပ်စု၊ ညောင်ကိုင်းကျေးရွာသို့ ‌ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးရွာ ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို အမြန်ဆုံး ပြန်လည် ပြုပြင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုး သီးနှံများအစား ဒေသနှင့်ကိုက်ညီသည့် သီးနှံများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်း မျိုးသန့်နှင့် သွားအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ရရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာ နေပြည်သူများ အနေဖြင့်လည်း ကျေးရွာတွင်းလမ်းများ၊ ရေမြောင်းများကို သက်ဆိုင်ရာတာဝန်ရှိသူ နှင့်အတူ သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား ပြီးနောက် ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm