Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံ


08 Oct,2024

နေပြည်တော် အောက်တိုဘာ ၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သစ်တက် ကျေးရွာအုပ်စု၊ ရှားစေးဖိုကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဘက်စုံသုံးခန်းမတွင် ကျေးရွာသူ ကျေးရွာသားများ၊ ရှားစေးဖို စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ကူညီဆောင်ရွက် ပေးမည့်လုပ်ငန်းများ၊ ဆောင်းရာသီ မတ်ပဲစိုက်ပျိုးရေးအတွက် မျိုးရရှိရေးနှင့် သွင်းအားစု ကူညီပံ့ပိုး ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က မြစိမ်းရောင်စီမံကိန်းချေးငွေ အတိုးအရင်းပြန်ဆပ်ရန် သင့်တော်သည့်အချိန်ကာလတစ်ခု သတ်မှတ် ၍ ဖြေလျှော့ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား ပေးမည့် အခြေအနေကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ကျေးရွာသူကျေးရွာသားများနှင့် အသင်းသားတောင်သူများ၏ ကုန်ထုတ်လမ်း ပြုပြင်ပေးရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ်၊ မရင်းကြီးကျေးရွာသို့ သွားရောက်ပြီး မရင်းကြီး စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ များနှင့်တွေ့ဆုံရာတွင် သမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်းသီးနှံနေကြာ ဧက (၃၀၀၀) စိုက်ပျိုးမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သမဝါယမစနစ်ဖြင့် စိုက်ပျိုးမည့် နေကြာသီးနှံစိုက်ဧကများ အတွက် မျိုးနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး ထွက်ရှိလာသော နေကြာသီးနှံများကိုလည်း ဒေသတွင်းစာသုံးဆီဖူလုံရေးအတွက် သမဝါယမဆီစက်များက ကြိတ်ခွဲပေးမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက မရင်းကြီး စိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူ (၂၄) ဦး၏ နေကြာစိုက်ဧက (၅၂) အတွက် ရေဆင်းစပ်မျိုးနေကြာ-၁ မျိုးစေ့များကိုလည်းကောင်း၊ စမ်းဝတီမှ လှူဒါန်းသော သဘာဝ မြေဩဇာများကိုလည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm