Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရှားတော-ညောင်ပင်သာတံတားအား ကြည့်ရှု၊ နေကြာစိုက်တောင်သူများအတွက် မျိုးစေ့များ ပေးအပ်


28 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရှားတော ကျေးရွာအုပ်စု၊ ဂွေးပင်စံပြကျေးရွာရှိ ဇေတဝန်ပရိတ္တစာသင်တိုက်သို့ သွားရောက်ပြီး ရှားတော၊ ဂွေးပင်၊ ရွေးစု၊ ရွှေဥဒေါင်း၊ တံခွန်တိုင်ကျေးရွာတို့မှ ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမ အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ နေပြည်တော်ကောင်စီနယ်မြေ၊ ကျေးရွာများ၌ သဘာဝ ရေဘေးဒဏ်သင့်၍ သီးနှံစိုက်ဧကများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရာ လတ်တလောပြန်လည် စိုက်ပျိုးရမည့်သီးနှံများအပြင် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက်လည်း ကြိုတင်ပြင်ဆင်ရမည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ ဆောင်းသီးနှံ နေကြာစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်းကာ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးများ၊ သွင်းအားစုဓာတ်မြေဩဇာများကို ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ထွက်ရှိလာသော နေကြာသီးနှံများကိုလည်း သမဝါယမဆီစက်များက ဆီကြိတ်ခွဲ ပေးပြီး ဒေသတွင်းဆီဖူလုံရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ရယူထားသော မျိုးနှင့် မြေဩဇာအတွက် ကျသင့်တန်ဖိုးကို ပေါက်ဈေးဖြင့် သမဝါယမဆီစက် များသို့ ပေးသွင်းရုံသာဖြစ်ပြီး ပိုလျှံသော နေကြာသီးနှံများကိုပါ ဝယ်ယူပေးမည်ဖြစ်၍ ဈေးကွက် အတွက် စိတ်ပူရန်မလိုကြောင်း ပြောကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများထံ ရေဆင်း စပ်မျိုး-၁ နေကြာမျိုးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လာမည့်ဆောင်းရာသီတွင် နေကြာစိုက်ပျိုးရေးကို သမဝါယမအသင်းအချင်းချင်း ပံ့ပိုးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့ဖြင့် ဧက (၁၃၇,၀၀၀) စိုက်ပျိုးမည်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေတွင် ဧက (၃၀၀၀) အနက် တပ်ကုန်းမြို့နယ်၌ ဧက (၅၀၀) ပါဝင်စိုက်ပျိုးသွားမည် ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် သမဝါယမအသင်းသားတောင်သူ ဦးကျော်မင်းစိန်၏ မိုးဝါ (၁) ဧက စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သော သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ရှားတော-ညောင်ပင်သာတံတားသို့ သွား ရောက်ပြီး ရေဘေးကြောင့် ပျက်စီးသွားသော ရေကျော် (၇၅) ပေ နေရာတွင် ယာယီဘေလီတံတား ပေ ၁၃၀ ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ သည်။ အဆိုပါနေရာတွင် ပေ ၁၈၀ တံတားတည်ဆောက်နိုင်ရေးအတွက် တံတားမြေနေရာသတ်မှတ် ခြင်း၊ Soil Test စစ်ဆေးခြင်းများ ပြုလုပ်ပြီးဖြစ်ရာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ရွေးစု(မြောက်)ကျေးရွာသို့ သွားရောက်ပြီး ရေဘေးသင့်အိမ်ထောင်စု (၁၃၆) စုနှင့်တွေ့ဆုံကာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက လှူဒါန်းသော ဆန်အိတ်များနှင့် အဝတ်အထည်များကို ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ရေကြီးနစ်မြုပ်သွားသော ကိုယ်ပိုင်တွင်းတိမ်များနှင့် ပေ ၄၀၀ တွင်းနက်တို့အား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကျေးရွာသောက်သုံးရေရရှိရေး ဆောင်ရွက်ပေးထားသော ပေ ၄၀၀ တွင်းနက် (၁) တွင်း၊ ကိုယ်ပိုင်တွင်းတိမ် (၉၁) တွင်းရှိပြီး တွင်းအားလုံး တွင်းဆေးတွင်းမှုတ်လုပ်ငန်း ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm