Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်မှာကြား


30 Sep,2024

နေပြည်တော် စက်တင်ဘာ ၃၀

ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ် များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်တို့မှ အစိုးရအဖွဲ့ဝင်များ၊ ဦးဆောင်ကော်မတီ ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြော ကြားရာတွင် ရည်ညွှန်းဈေးနှုန်းများ ထပ်မံထုတ်ပြန်ပေးရေးနဲ့ ဒေသအလိုက်ရောင်းဈေးနှုန်းများ အပေါ် ကြီးကြပ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်းနဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်း နိုင်ရေးလျာထားချက်အရ စက်တင်ဘာလ (၂၅) ရက်နေ့ထိ ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်များ ထောက်ခံပေးခဲ့ရာ မြေဩဇာတန်ချိန် ၉၅၆၆၇၅.၇၇ တန်နဲ့ ပိုးသတ်ဆေးတန်ချိန် ၁၃၉၄၉.၅၄ တန် ရှိပြီဖြစ်ကြောင်း၊ ဇူလိုင်လမှ စတင်၍ Export Earning အထောက်အထားပြနိုင်တဲ့ ကုမ္ပဏီများကို သွင်းကုန်လိုင်စင်ရရှိရေး ထောက်ခံပေးလျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ SOP နဲ့အညီ လုပ်ငန်းစဉ်များ မြန်မြန်ဆောင်ရွက်ရန် လိုကြောင်း၊ သွင်းကုန်လိုင်စင်ရရှိပြီး ပြီးပြတ် အောင်တင်သွင်းနိုင်ရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်နဲ့ ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆွေးနွေး တင်ပြပေးစေလိုကြောင်း၊

ရာဂီမုန်တိုင်းဒဏ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် များမှာ ရေကြီးနစ်မြုပ်ခဲ့သဖြင့် စိုက်ဧကများ ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့် လိုအပ်ချက်များကို နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးရန်လိုအပ် ပါကြောင်း၊ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ လိုအပ်မည် ဖြစ်၍ ကြိုတင်ပြင်ဆင်ထားရန်နှင့် အနည်းဆုံးလိုအပ်ချက်ကို ပညာရှင်များက ဆွေးနွေး ဆုံးဖြတ်ပေးရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ရည်ညွှန်းဈေးနှုန်းများအနေဖြင့် ယခင်ထုတ်ပြန်ဈေးမှာ ယနေ့တွင် သတ်မှတ်ကာလပြည့်ပြီဖြစ်သဖြင့် ဈေးနှုန်းထပ်မံထုတ်ပြန်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး ပေးစေလိုကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်း၊ ဈေးကစားခြင်းများ မဖြစ်ပေါ်ရေး နှင့် အရည်အသွေး မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝင်များက ကွင်းဆင်းကြီးကြပ်ပေးစေလိုပါကြောင်း၊ ရန်ကုန်အထိုင်ဈေး သတ်မှတ်ပေးထားသော် လည်း ကြီးကြပ်မှုအားနည်းပါက တောင်သူများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူအသုံးပြုရမည်ဖြစ်သော ကြောင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက သေချာစွာ စိစစ်ကြပ်မတ် ဆောင်ရွက်ပေး ကြရန် ပြောကြားလိုကြောင်း၊ ဈေးနှုန်းမှန်ကန်မှုရှိစေရေး၊ သွင်းအားစုများအချိန်မီရရှိရေး၊ အရည် အသွေး ပြည့်မီရေးတို့အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က သွင်းအား စုတန်ချိန်များ အတည်ပြုမှတ်တမ်းတင်နိုင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်း ကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်းအသင်းမှ ကိုယ်စားလှယ်က မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချ အသုံးပြုမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဈေးနှုန်း မှန်ကန်စေရေး၊ အရည်အသွေးမှန်ကန်စေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်တို့က ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm