Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရေဘေးသင့် ကျေးရွာချင်းဆက်လမ်းများနှင့် တွင်းဆေးတွင်းမှုတ်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး


25 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်း ကျေးရွာသို့ သွားရောက်ပြီး ရေတိုက်စားခဲ့မှုကြောင့် ပျက်စီးသွားသော ကျေးရွာအဝင်လမ်းတွင် ပြတ်တောက်သွားသည့်လမ်းပိုင်း ပြန်လည်ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းပခုံး အရှည်ပေ (၃၀၀၀) ပြုပြင်ပေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်ပြီး ရှောက်ကုန်းကျေးရွာ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လေမှုတ်စက်များဖြင့် ကိုယ်ပိုင်တွင်းတိမ်များကို တွင်းဆေးတွင်းမှုတ်ပြုလုပ် ပေးနေမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ရှောက်ကုန်းကျေးရွာ ရွာတွင်းလမ်းမ ရှင်းလင်း ပေးရေး၊ အခြေခံပညာအထက်တန်းကျောင်းခွဲ စာသင်ခန်းမများအတွင်း သန့်ရှင်းရေးဆောင်ရွက်ရေး တို့အတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် မှာကြားသည်။ ထို့နောက် ရှောက်ကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ မျိုးနှင့် သွင်းအားစု ဓာတ်မြေဩဇာများ ကူညီပံ့ပိုး ပေးကာ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပုဏ္ဏမာရွာနှင့် ရွာတော်ကုန်းရွာသို့ သွားသည့် ကျေးရွာအဝင် လမ်း အရှည်ပေ (၂၀၀၀) လမ်းပခုံးပြုပြင်ပေးရေး၊ ရေတိုက်စား၍ ပျက်စီးသွားသော ကျေးရွာတွင်း ကတ္တရာလမ်း (၁၅) ပေ ပြန်လည်ပြုပြင်ပေးရေးနှင့် ရွာတော်ကုန်းမှ လမ်းဟောင်းသို့ ဆက်သွယ် သောလမ်း (၄) ဖာလုံ ပြုပြင်ပေးရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဒေသခံများနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံ စိုက်ပျိုးရေးနှင့် မြစိမ်းရောင် ရန်ပုံငွေထုတ်ပေးထားသည့် ရေဘေးသင့်ကျေးရွာများတွင် ချေးငွေအရင်း ပြန်ဆပ်ရန် သင့်တော်သည့်အချိန်ကာလတစ်ခု သတ်မှတ်၍ ဖြေလျှော့ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ငွေတောင်တောရပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွေ့လျားရေသန့်စင် စက်ယာဉ်တစ်စီးဖြင့် ကျောင်း ဝင်းအတွင်းရှိ ရေတွင်းမှ ရေကိုသန့်စင်၍ တပ်ကုန်းမြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာ (၈) ရွာသို့ သောက်သုံးရေဖြန့်ဝေပေးနေမှုအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါရွေလျား ရေသန့်စင် စက်ယာဉ်ဖြင့် ယနေ့အချိန်ထိ ရေဂါလံစုစုပေါင်း (၂၀,၆၄၃) ဂါလံ ဖြန့်ဝေပြီး ဖြစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကျီးပင်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက နဝင်းချောင်းတံတား ချဉ်းကပ်လမ်း ၇၅ ပေ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ပျက်စီး သွားသော တံတားလက်ရန်းများ ပြန်လည်တပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးပြီးစီး အောင် ဆောင်ရွက်ရန် မှာကြားသည်။

 ဆက်လက်ပြီး မကျီးပင်ကျေးရွာနှင့် ချောင်းခွကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ချောင်းခွကျေးရွာသို့ သွားရောက်ကာ တွင်းဆေး တွင်းမှုတ်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါချောင်းဂွကျေးရွာတွင်  ကိုယ်ပိုင်တွင်းတိမ် (၃၄) တွင်း ရှိသည့်အနက် (၂၈) တွင်းကိုလည်းကောင်း၊ မကျီးပင်ကျေးရွာတွင် (၉၃) တွင်းရှိသည့်အနက် (၇၈) တွင်းကိုလည်း ကောင်း တွင်းဆေးတွင်းမှုတ် ဆောင်ရွက်ပေးထားပြီး ဖြစ်ရာ ကျေးရွာအလိုက် ကျန်တွင်းများကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm