Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး


26 Sep,2024

နေပြည်တော် စက်တင်ဘာ ၂၆

                 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                 ရှေးဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့ ရွှေဖောင်ဒေးရှင်းခန်းမ၌ ကျောက်ဆည်မြို့နယ် အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများနှင့် တွေ့ဆုံရာ သမဝါယမဦးစီးဌာန  တာဝန်ရှိသူများက ကျောက်ဆည်မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက် သီးနှံ နေကြာတိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် သမဝါယမအသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျော့ချရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံ စေရေးအတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာများတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော် အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများ ထောက်ပံ့ရုံနှင့် မရဘဲ တာဝန်ရှိသူ ဌာနဆိုင်ရာ ဝန်ထမ်းများက နည်းစနစ်မှန်ကန်ရေး နည်းပညာများ စဉ်ဆက်မပြတ် ပေးရမှာဖြစ်ကြောင်း၊ သီးနှံရောဂါကာကွယ်ရေးအတွက်လည်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ဒါမှသာ အထွက်တိုးမှာဖြစ်ကြောင်း၊ ထွက်ရှိလာသော ဆီထွက်သီးနှံ နေကြာတို့ကို လည်း ဈေးကွက်သေချာစေရေး ဝယ်ယူကြိတ်ခွဲအဖွဲ့၊ ဆီကြိတ်စက်လုပ်ငန်းရှင်များနှင့် စနစ်တကျ ချိတ်ဆက်ပြီး ဈေးကွက်သေချာစေရေး စီမံဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ဒါ့အပြင် ဝါစိုက် တောင်သူများအတွက်လည်း ဝါများအထွက်တိုးရေး သမဝါယမအသင်းရန်ပုံငွေမှ မျိုးကောင်း မျိုးသန့် နှင့် သွင်းအားစု မြေဩဇာများကို သီးနှံပေါ်ပေးစနစ်ဖြင့် ရရှိရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံ တောင်သူများ အနေဖြင့်လည်း လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင် များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိလာသော ဝါများ ဈေးကောင်းရရှိရေး ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူအသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး တောင်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ပါသည်။

                 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကျောက်ဆည်မြို့နယ်အတွင်း သမဝါယမအသင်း(၄၀) သင်းမှ နေကြာစိုက်အသင်းသားတောင်သူ (၁၃၁၇)ဦးတို့၏ စိုက်ပျိုးမြေဧက (၄၄၆၁)ဧကအတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့နှင့် သွင်းအားစုများကို အသင်းသား တောင်သူ များထံ ထောက်ပံ့ပေးအပ်ပါသည်။

                 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ကျောက်ဆည်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၂၇၅၁ အိမ်၊ လူဦးရေ ၁၄၀၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြု ပေးနိုင်မည့် ကျောက်ဆည်-ငှက္ကတောင် ဆက်သွယ်သောလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ရောက်ရှိကြည့်ရှု စစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များ၊ ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။

                 ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်  လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ(၁၈၀)ဦးတို့၏ ဝါစိုက် ဧက(၉၈၄)ဧကပေါ်တွင် စိုက်ပျိုးထားသော မိုးဝါစိုက်ပျိုးထားရှိမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သီးနှံများ အထွက်တိုးစေရေးအတွက် လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များကို စနစ်တကျ ကြိုးစား ဆောင်ရွက်ကြရန်လိုအပ်ပြီး ဝါစိုက်ပျိုးသည်မှ ခူးဆွတ်သည်အထိ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့် ကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လိုအပ်ကြောင်း၊ ဒါမှသာ  အားနည်းချက်၊ အားသာချက်များကို သိရှိပြီး လာမည့်စိုက်ပျိုးရာသီများတွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

                 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ သမန္တလင်း ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာ ထည့်ဝင်ငွေ ကျပ် ၆၁ ဒသ ၄ သိန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ကျေးရွာတွင်း လမ်းအရှည်ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ အမြင့်ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ ကျေးရွာသားများ သာမက တာဝန်ရှိသူအားလုံး ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည့်တံ့ခိုင်မြဲရေးဝိုင်းဝန်း ထိန်းသိမ်းကြရန်မှာကြားပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

                 ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများအနက် သမန္တလင်းကျေးရွာ၌ သင်တန်းသူ(၁၄)ဦးဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနား တက်ရောက် ရာ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ယခုဘဏ္ဍာရေး နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးခြင်းနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေခြင်း၊ ဒေသထွက်ကုန်ကြမ်းများအပေါ် အခြေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်များတိုးမြှင့် ထုတ်လုပ်လာနိုင်ခြင်း၊ သွင်းကုန်အစားထိုးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပြီး အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား တတ်မြောက်စေပြီး အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်စေရန်အတွက် ဖွင့်လှစ်ပို့ချ ပေးခြင်းဖြစ်ပါကြောင်း ပြောကြားပါသည်။

                 ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီဝင်တစ်ဦးက ကျေးရွာဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပါသည်။

                 ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းပြီး လုပ်ငန်း ထူထောင်လိုသူ ထူးချွန်သင်တန်းသားများအနက်မှ အမှန်တကယ်လုပ်ငန်း လုပ်ကိုင်မည့်သူ (၅)ဦးကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ကာ သင်တန်းသားများ ကိုယ်စား သင်တန်းသူတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ကျေးဇူးတင်စကားများ ပြန်လည် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm