Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းနှင့် တပ်ကုန်းမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


19 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၉

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းနှင့် တပ်ကုန်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဘေး သင့်ခဲ့သည့် ကျေးရွာများသို့သွားရောက်အားပေးခြင်းနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဋ္ဌက ရမည်းသင်းခရိုင်အတွင်း ရေကြီးရေလျှံမှုများကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊  လမ်း၊ တံတားများ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေများနှင့် လက်ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်၊ လူသုံးကုန်နှင့် ကျန်းမာရေးထောက်ပံ့ပေးနေမှုအခြေအနေများနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်  ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် ရေဘေးသင့် ဒေသများ မူလအခြေအနေထက် သာလွန်အောင်ဆောင်ရွက်သွားရန်၊ လတ်တလော လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး အမြန်ဆုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ပြီးနောက် ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ် ၅၅ ဒသမ ၇၄၅ တန်ဖိုးနှင့်ညီမျှသည့် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်းများ အားထောက်ပံ့ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ နှင့်တွေ့ဆုံရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပျော်ဘွယ်မြို့နယ်အတွင်း ရေကြီးရေလျှံမှု အခြေအနေများ၊ ပျက်စီးဆုံးရှုံးမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က ရေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန်ပစ္စည်များအား ထောက်ပံ့ ပေးအပ်ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ အရှေ့လျှော်ဖြူကုန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် လျှော်ဖြူကုန်းကျေးရွာ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ပျော်ဘွယ် မြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ ရေဘေးသင့်ဒေသအားလုံးတွင် နိုင်ငံတော်အနေဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီး ဌာန အနေဖြင့်လည်း ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေးအလွန်ကာလတွင် အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း ပြန်လည် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြား ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ် ဘုရားငါးဆူးလမ်းမှ နေပူကုန်း-ဆူးချင်ကုန်း ကျေးရွာချင်းဆက်လမ်း ရေတိုက်စားပျက်စီးမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး လတ်တလောပြုပြင်ရန်လိုအပ်သည့် လမ်း၊ တံတား များအား အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင် တည်ဆောက်ရာတွင်လည်း သဘာဝဘေးဒဏ်များခံနိုင်ရေးအတွက် စနစ်တကျ ထည့်သွင်း တွက်ချက်ပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျော်ဘွယ်မြို့ စိုက်ပျိုးရေးဦးစီးဌာန  ဝါသီးနှံမျိုးသန့်ခြံရှိ ရှင်းလင်းဆောင်၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ နေကြာစိုက် တောင်သူများ၊ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝါစိုက် တောင်သူများနှင့်တွေ့ဆုံရာ သမဝါယမဦးစီးဌာန  တာဝန်ရှိသူများက ပျော်ဘွယ်မြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ နေကြာတိုးချဲ့ထုတ်လုပ်နိုင်ရေးနှင့် သမဝါယမအသင်းများမှ လျာထားစိုက်ဧက ပြည့်မီအောင် စီမံဆောင်ရွက်ထားရှိမှု၊ ဝါစိုက်တောင်သူများ၏ ဝါစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီ တင်သွင်းမှု လျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာများတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော် အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ သွင်းအားစု ဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီးဈေးနှုန်း သက်သာစွာဖြင့် တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက် ရရှိရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ရေကြီးရေလျှံမှုများကြောင့် ရေနစ်မြုပ် ထိခိုက် ပျက်စီးခဲ့သော ဝါစိုက်ခင်းများတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း လိုက်နာရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း တောင်သူ များလိုအပ်သည့် မျိုးနှင့် သွင်းအားစုများကို တောင်သူများ လက်ဝယ်အချိန်မီရောက်ရှိရေး ပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပျော်ဘွယ်မြို့နယ်အတွင်း သမဝါယမအသင်း (၃)သင်းမှ နေကြာစိုက်အသင်းသားတောင်သူ ၆၀ ဦး၏ စိုက်ပျိုးမြေဧက ၂၁၂ ဧကအတွက် ရေဆင်းစပ်မျိုး နေကြာမျိုးစေ့နှင့် သွင်းအားစုများအား တောင်သူများထံပေးအပ်ပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျော်ဘွယ်မြို့နယ်၊ ဝက်လက်ကျေးရွာရှိ သိန်းသန်းတိုးဝါစက်ကြိတ်စက်သို့ ရောက်ရှိပြီး ကုန်ကြမ်းများသိုလှောင်ထားရှိမှု၊ ဝယ်ယူရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်ပြီး ဝါဂွမ်းချည်များ ဈေးကွက်သေချာစွာရရှိရေး သက်ဆိုင်ရာ ဝန်ကြီးဌာများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းပြောကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေး သင့်ခဲ့သည့် ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၊ ညောင်အိုင်ကျေးရွာသို့သွားရောက်ကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှု အခြေအနေများ၊ ကျေးရွာရှိ စက်ရေတွင်း၊ လူနေအိမ်များနှင့် စာသင်ကျောင်း ရေကြီးနစ်မြုပ်ခဲ့ပြီး နှုန်းများတင်ကျန်နေမှု အခြေအနေများ၊ ကျေးရွာချင်းဆက်လမ်းများ လမ်းပခုံး ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန် ရှိသူများ အနေဖြင့်  ကျေးရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး စက်ရေတွင်း အမြန်ဆုံးဆောင်ရွက်ပေးသွားရန် နှင့် ကျေးရွာရှိ စာသင်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး တင်ကျန်နေသော နှုန်းများအား စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်ပေးရန် လမ်းညွှန် မှာကြားပြီးနောက် ဆရာ၊ ဆရာများ၊ ကျေးရွာနေပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ကုန်များ အား ထောက်ပံ့ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာနှင့် ချောင်းခွကျေးရွာများသို့ ရောက်ရှိပြီး နဝင်းချောင်းတစ်လျှောက် ရုတ်တရက်ရေကြီးရေလျှံမှု များကြောင့် ချောင်းခွကျေးရွာအဝင် နဝင်းချောင်းတံတား(ချောင်းခွ) တံတားကမ်းကပ်ခုံများ ပျက်စီး ခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာဘောင်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်း ဆက်သွယ်မှု မပြတ်တောက်စေရေး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများ ၎င်းတို့နေအိမ်များတွင် ပြန်လည်နေထိုင်ရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း လမ်းများရှင်းလင်းခြင်းနှင့် သောက်သုံးရေ ရရှိရေးဆောင်ရွက်ခြင်းများ ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ကျေးရွာ၌ အခြေချပြန်လည်နေထိုင်သည့် ချောင်းခွကျေးရွာရှိ အိမ်ထောင်စု(၅၈)စု၊ မကျီးပင်ကျေးရွာရှိ အိမ်ထောင်စု(၂၀)စု၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းရှိ ရေဘေးသင့် တပ်မိသားစုများနှင့် ရေဘေးရှောင်အိမ်ထောင်စု (၁၁၀)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၆)ပြည်နှင့် ဆီ(၅၀)သားစီ ထောက်ပံ့ပေးအပ်ပါသည်။

တပ်ကုန်းမြို့နယ် ချောင်းခွကျေးရွာအဝင်  နဝင်းချောင်းကူးတံတား(ချောင်းခွ)အား ပြန်လည် ပြင်ဆင်ပြီးဖြစ်ပါသဖြင့် အများပြည်သူများ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm