Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်းကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်မှာကြား


19 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၉

သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှုနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ တက်ရောက်သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို မျိုး၊ မြေ၊ ရေ၊ နည်း (၄) ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ ထုတ်လုပ်လျက်ရှိသကဲ့သို့ အရည်အသွေးပြည့်မီသည့် လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊

ဖွဲ့စည်းပြီး သမဝါယမအသင်းများကိုလည်း အလုပ်မလုပ်သည့်အသင်းများကို ဖျက်သိမ်းပြီး အမှန်တကယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင် သူများနှင့် ပြန်လည်ပြင်ဆင် ဖွဲ့စည်းသွားရန်ဖြစ်ပါကြောင်း၊ သမဝါယမအသင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အဓိကအလေးထား ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အသင်းသား တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာ သည့် သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိအောင် လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံများအထွက်တိုးကာ ပြည်သူများ၏ ဝင်ငွေတိုးအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးအတွက် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအနေဖြင့် မိုးစပါးစိုက်ဧက(၁၆၀၅၅၁)အတွက် ငွေကျပ် (၃၁.၀၁၂) ဘီလီယံ၊ ဝါသီးနှံ စိုက်ဧက(၉၆၀၀၀)အတွက် ငွေကျပ်(၁၉.၂)ဘီလီယံ၊ ဆီထွက်သီးနှံ(နေကြာ)စိုက်ဧက (၁၃၇၀၀၀) အတွက် ငွေကျပ်(၂၇.၄) ဘီလီယံတို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ဘတ်ဂျက်ငွေနှင့် အသင်း ပိုင်ငွေတို့ဖြင့် ဆောင်ရွက်ရမှာဖြစ်သည့်အတွက် ပန်းတိုင်အထွက်နှုန်း ရရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊

ဆန်စက်၊ ဆီစက် ပိုင်ဆိုင်သည့် အခြေခံ/ မြို့နယ်သမဝါယမ အသင်းစုများအနေဖြင့် မိမိတို့ စက်များ စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် စပါးစိုက်ပျိုးသည့် အသင်းသားများ၊ မြေပဲကဲ့သို့ ဆီထွက်သီးနှံများ စိုက်ပျိုးသည့် အသင်းသားများအား လိုအပ်သည့်မျိုးနှင့် မြေဩဇာများကို တစ်ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ညီမျှသောသွင်းအားစုများ ထောက်ပံ့ပေးခြင်း ဆောင်ရွက် ကြရန်နှင့် တောင်သူများ ထွက်ရှိသည့်အချိန်တွင် ထောက်ပံ့ပေးထားသည့် ငွေကျပ် (၂)သိန်းနှုန်းဖြင့် ညီမျှသော စပါးနှင့် ဆီထွက်သီးနှံများကို ပြန်လည်ရယူသည့်နည်းလမ်းဖြင့် ကုန်ကြမ်းဝယ်ယူမှု အပိုင်းကို ဖြည့်တင်းဆောင်ရွက်ကြရန် လိုကြောင်း။

သဘာဝဘေးကြောင့် ပျက်စီးသွားသည့် တိုင်းဒေသကြီး/ပြည်နယ် (၅)ခု၊ မြို့နယ် (၂၁) ခု၊ သမဝါယမအသင်း(၁၅၄)သင်း၊ အသင်းသား (၃၉၈၇) ဦး၏ မိုးစပါးလယ်ဧက(၇၂၂၆)အတွက် ထိုင်းနှံကောက်၊ GW-11 စသည့် မျိုးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်၍ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက အခြေခံသမဝါယမအသင်း BOD များကိုပေးပြီး BOD များမှတစ်ဆင့် အသင်းသားတွေကို သီးနှံပေါ်ပေးစနစ်ဖြင့် စက်တင်ဘာလအတွင်း ပြီးပြတ်အောင် မျိုးများမြန်မြန် ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊

သမဝါယမအသင်းများအနေဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၉)မြို့နယ်မှ သမဝါယမအသင်း(၃၆)သင်း၊ အသင်းသား (၁၀၇၀) ဦးတို့က စပ်မျိုးနွားနှင့် ဒေသနွား စုစုပေါင်း (၆၃၉၁) ကောင် မွေးမြူထားတာကိုတွေ့ရပြီး မန္တလေးတိုင်းဒေသကြီးကဲ့သို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့်လည်း နွားမွေးမြူရေး လုပ်ငန်းများကို လက်လှမ်းမီသမျှ မွေးမြူဆောင်ရွက်သွားကြရန် လိုကြောင်း။

မိတ္ထီလာခရိုင်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ သမဝါယမအသင်းရန်ပုံငွေ၊ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတို့ဖြင့် နို့စားနွားနှင့် ဒေသနွား (၂၅၀) ကောင်ရေ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ (၃၈၀)ကောင်ရေ မွေးမြူရန်စီမံထားမှုအတွက်လည်း လိုအပ်သော ရန်ပုံငွေများရရှိအောင် ဆောင်ရွက်ပြီး အောင်မြင်အောင် မွေးမြူသွားကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူနှင့် အစည်း အဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးမှူးများ၊ သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌများက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများ ကိုလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်မှာကြား၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm