Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး UNDP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


18 Sep,2024

နေပြည်တော် စက်တင်ဘာ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက UNDP မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Titon Mitra ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် UNDP တို့ ပူးပေါင်း၍ “အသိုက်အဝန်း ပြန်လည်ထူထောင်ရေးနှင့် ကြံ့ကြံ့ ခံနိုင်စွမ်း တိုးမြှင့်ပေးရေး လုပ်ငန်းစီမံချက်” အကောင်အထည်ဖော်ရေး ကိစ္စရပ်များ၊ စီမံကိန်း လုပ်ငန်းများအတွက် M & E စစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ နည်းပညာထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ ENCORE စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ၊ Cash for Work လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထောက်ပံ့ဆောင်ရွက်ပေးခဲ့မှုများ၊ ဆိုလာရေ ရရှိရေးလုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ၊ VDP စီမံကိန်းများနှင့် ရန်ပုံငွေ ရရှိ ခွဲဝေ အသုံးပြုမှုဆိုင်ရာများ၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအမံများနှင့် UNDP အဖွဲ့နှင့် အတူလက်တွဲဆောင်ရွက်သွားမည့် အစီအစဉ်များအား ရင်းနှီး ပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ပျဉ်းမနားမြို့၊ မြို့ဦးဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်ပြီး ယာယီရေဘေးကာကွယ်ရေးစခန်းတွင် ရောက်ရှိနေသည့် ပျဉ်းမနား မြို့နယ် ကျွန်းဦး၊ ကွက်သစ်၊ ဆင်သေ၊ ဈေးကုန်း၊ ဇေယျာသီရိမြို့နယ် သာယာကုန်းကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးမှုများကို သဘာဝဘေး အလွန်ကာလတွင် အမြန်ဆုံး ပြန်လည်ပြုပြင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီး နစ်မြုပ် ခဲ့သည် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအတွက်လည်း အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီးနောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့က ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်၊ ဆီ အပါအဝင် စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေး သင့်ခဲ့သည့် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာသို့သွားရောက်ကာ လူနေအိမ်များ ရေကြီးနစ်မြုပ် နေမှုအခြေအနေများ၊ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျေးရွာအတွင်း ဝင်ရောက် လျက်ရှိသော ရေများအမြန်ဆုံးလျော့ကျစေရေးအတွက် ရေထွက်ပေါက်များ အမြန်ဆုံးဆောင် ရွက်ပေးရန်နှင့် ရေကျသွားပါက လမ်းပန်းဆက်သွယ်ရေးများ မပြတ်တောက်စေရေး၊ သွားလာမှု အဆင်ပြေစေရေးနှင့် သန့်ရှင်းသောသောက်သုံးရေများရရှိရေးတို့ကို  အမြန်ဆုံးဆောင်ရွက်ပေးသွား ရန်နှင့် ရေရှည်ကောင်းမွန်ရေးပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများတင်ပြသွားရန် ဆွေးနွေး မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ် ရွာသွန်းပြီး ဆင်သေချောင်းရုတ်တရက်ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့သည့် ဇေယျာသီရိ မြို့နယ်၊ ရွာသစ်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် စက်ရေတွင်းများ၊ လက်တူးတွင်းများအား တွင်းဆေးလေမှုတ်ဆောင်ရွက်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ကျေးရွာချင်းဆက်လမ်းများ၊ မိုးစပါးစိုက်ခင်း များ ရေတိုက်စားပျက်စီးမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျေးရွာနေပြည်သူများ ရေကြောင့် ဖြစ်ပွားတတ်သော ရောဂါများမဖြစ်ပွားစေရေး သောက်သုံးရေများ အမြန်ဆုံးရရှိရေး ဆောင်ရွက် ပေးရန်နှင့် ရေတိုက်စားပျက်စီးသွားသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပြန်လည် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ် ရွာသွန်းပြီး ရုတ်တရက်ရေကြီး ရေလျှံမှုကြောင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းမှ ရွှေမြို့(အရှေ့)-ရွှေမြို့(အနောက်)ဆက်သွယ်ထားသော သစ်သားတံတား ရေတိုက်စား ပျက်စီးသွားမှု အခြေအနေအား သွားကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ယခု ရွှေမြို့(အရှေ့)- ရွှေမြို့(အနောက်)ဆက်သွယ်ထားသော ဆင်သေ ချောင်းကူးတံတားအပြင် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတား များကိုလည်းအများပြည်သူသွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေး ယာယီတံတားများကို အမြန်ဆုံးဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရေကြီး ရေလျှံမှုများ လျော့ပါးသွားချိန်တွင် ပျက်စီးသွားသောတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာ တွင်လည်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝဘေးဒဏ်များခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်း တွက်ချက်ပြီး ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း‌ ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးအဆက်မပြတ် ရွာသွန်းပြီး ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် ပုပ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်-ဇီးကုန်း-လေသာကျေးရွာချင်းဆက် လမ်းတစ်လျှောက် ကတ္တရာလမ်းနှင့် လမ်းပခုံးများ ချောင်းရေတိုက်စား ပျက်စီးမှုအခြေအနေများနှင့် အဆိုပါကျေးရွာချင်းဆက် လမ်းပေါ်ရှိ အရှည်ပေ ၄၅၀ ၊ အကျယ် ၂၄ ပေရှိ ဆင်သေချောင်းကူးတံတားမှာ ဆင်သေချောင်းတစ်လျှောက် ရုတ်တရက်ရေကြီးရေလျှံမှု များကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာဘောင် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဘေလီတံတားထိုး၍ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေး ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အစီအမံများ ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်းနှင့် ပုပ္ဗသီရိမြို့နယ် ကျည်တောင်ကန် -ဇီးကုန်း - လေသာ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆင်သေချာင်းကူးတံတားအား ဘေလီတံတားထိုး ပြင်ဆင် ပြီးဖြစ်ပါသဖြင့် အများပြည်သူများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm