Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လေးမျက်နှာ၊ သီတာကုန်းပြင်နှင့် မဒေါ့ပင်


18 Sep,2024

မြင့်စိုး(နတလ)

ကျေးဇူးတင်ပါသည် မြစ်ချောင်းဖြိုး

          သည်တစ်ကြိမ် မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီး ခရီးသွားရသည့် ရည်ရွယ်ချက်က များပြားသလို ဖြစ်ချင်သည့် ရင်တွင်းဆန္ဒတွေ အတောမသတ်နိုင်တာကိုလည်း ကိုယ့်ကိုကိုယ် သတိထားမိသည်။ သည်နှစ် နိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သည်။ မိမိတို့မွေးရပ်မြေ ဧရာဝတီတိုင်းဒေသကြီးလည်း ပါဝင်နေသလို ငဝန်မြစ်ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာအချို့မှာ လူနေအိမ်များ အပြင် စပါးစိုက်ခင်းများပါ နစ်မြုတ်ခဲ့သည်။ မြစ်ရေမြင့်တက်မှု ရက်ရှည်ကြာလာသည်နှင့် အမျှ တောင်သူများ၏ စပါးစိုက်ခင်းများအတွက် စိတ်ပူပန်လာမိသည်။ ထိုထက်မက ပူပန်ရ သည့် အကြောင်းချင်းရာတစ်ခုလည်း ရှိနေပါသေးသည်။ လေးမျက်နှာမြို့မှာ သမိုင်းဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီး၏ ကမ်းထိန်းလုပ်ငန်းများ အဆင်ပြေမှပြေပါ့မလား၊ ခတ္တူကျေးရွာက မြတ်စိုးအောင်တို့ ပရဟိတလူငယ်အဖွဲ့ နေ့စဉ်တင်နေသော ငဝန်မြစ်ရေ အခြေအနေနှင့် ဘုရားပရဝုဏ်အတွင်း ရေဝင်ရောက်နေမှုများကိုကြည့်ရင်း မမျှော်လင့်သော နေရာမှ ကမ်းပြိုမှုတွေ ထပ်ဖြစ်လာလေမလား စသည့် အတွေးများဖြင့် စိတ်မအေးနိုင်ခဲ့ပါ။

          သည်စေတီတော်မြတ်ကြီးကို သမိုင်းဝင်ဟု ကျွန်တော်ဝိဂြိုဟ်ပြုရခြင်းမှာ သက္ကရာဇ် ၄၂၀ ပြည့်နှစ်တွင် ပုဂံပြည့်ရှင်အနော်ရထာမင်းကြီး စတင်တည်ထားကိုးကွယ်ခဲ့သောကြောင့် ပါတည်း။ မြို့အတွက်တစ်ခုတည်းသာ ကျန်ရစ်တော့သော၊ ဘာနှင့်မျှမလဲနိုင်သော၊ ဘာသာ သာသနာ ထွန်းလင်းတောက်ပခဲ့မှု၏ ပြယုဂ် သမိုင်းအမွေအနှစ်လည်း ဖြစ်နေပါသည်။ ကျွန်တော် မကြာခဏရေးပြခဲ့ဖူးသလို မူလလေးမျက်နှာမြို့ဟောင်းသည် စတုမုခထူပါရုံ စေတီတော်မြတ်ကြီးတည်ရှိရာ ငဝန်မြစ်အနောက်ဘက်ကမ်းတွင် တောင်မြောက် အလျား လိုက်တန်း၍ ခုံကြီးရပ်ကွက်၊ မြို့မရပ်ကွက်၊ ခတ္တူရပ်ကွက်တို့ဖြင့် ဖွဲ့စည်းထားပြီး အစိုးရ ရုံးများ၊ ဆေးရုံ၊ ကျောင်း၊ တိုက်ဈေးကြီး၊ မြို့နယ်အားကစားကွင်း၊ ပန်းခြံ၊ ဗိုလ်အောင်ဖေ ရုပ်ရှင်ရုံတို့ဖြင့် သူ့နေရာနှင့်သူ နှစ်ပေါင်းများစွာ ဟန်ကျပန်ကျ တွေ့မြင်လာခဲ့ကြရသည်။ မြို့က သေးသေးလေး ဆိုသော်ငြားလည်း အနှီလေးမျက်နှာမြို့နယ်အတွင်းမှနေ၍ တိုင်းသိ ပြည်သိ ထင်ရှားကျော်ကြားခဲ့ကြသော သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်အကျော်အမော် များ များစွာပေါ်ထွန်းခဲ့ဖူးသည်။ ဘကြီးတော်မင်းနှင့် မိဖုရားခေါင်ကြီးတို့ ကိုးကွယ်တော်မူ ခဲ့သည့် ပထမထွဋ်ခေါင် ဆရာတော်ကြီး၊ ရွှေဟင်္သာ ဆရာတော်ကြီး၊ သခင်ပညာလောက အမည်ဖြင့် နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်ခဲ့သည့် ဆရာတော် ဦးပညာလောက၊ ဦးဇောတိ ပါလနှင့် အောင်ဆန်းဆရာတော်ကြီးတို့သည်လည်းကောင်း၊ ဝိဓူရသခင်ချစ်မောင်၊ စာပေ ဘက်တွင် ကျောက်စာဝန် ဦးမြနှင့် ကဗျာဆရာကြီး စောရန်နောင်တို့သည်လည်းကောင်း၊ အနုပညာလောကတွင် ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ မင်းသမီးကြီး အကယ်ဒမီ ဒေါ်ကြည်ကြည်ဌေးနှင့်တွဲ၍ အောက်ချင်းဖို၊ အောက်ချင်းမ ကဇာတ်ဖြင့် နာမည်ကျော်ကြား ခဲ့သော မင်းသားကြီး အောင်ဝိဇ္ဇာဦးခင်မောင်၊ ရုပ်ရှင်ဘက်မှာ သရုပ်ဆောင် အကယ်ဒမီ မော့စ်၊ ဂီတဘက်မှာလည်း ဂီတစာဆိုအလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ၊ စန္ဒရားလူမော် တို့သည်လည်ကောင်း၊ ရှားရှားပါးပါး ဆပ်ကပ်အနုပညာရှင်အဖြစ် ဆိုဗီယက်ပြန် အာဇာနည် စန်းစန်း၊ ဘောလုံးအားကစားလောက၌ အာရှနှင့်ကျွန်းဆွယ်ပွဲများတွင် နိုင်ငံဂုဏ်ဆောင်ခဲ့ သော ဦးလှဌေး၊ သည်ဘက်ခေတ် အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းတွင် ဂိုးသမား ဖြစ်ခဲ့သူ မေခင်ယမင်းတို့သည်လည်းကောင်း လေးမျက်နှာဇာတိဖွားများ ဖြစ်ကြသည်…..။ အခြားသော ထူးချွန်ထင်ရှားပုဂ္ဂိုလ်များ ကျန်ကောင်းကျန်နိုင်ပါသေးသည်၊ စာရေးသူ မှတ်မိ သမျှကိုသာ အခွင့်ကြုံ၍ တင်ပြလိုက်ခြင်းရယ်သာ…..။

          မြစ်ချောင်းဖြိုးဟု အတိုကောက်ခေါ်နေသည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘုရားပရဝုဏ်အတွင်းတွင် နေထိုင်လျက် မပြတ် စောင့်ကြည့်၍ လိုအပ်သောကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ပေးနေ သောကြောင့် ကျေးဇူးအထူးတင်ရှိခဲ့ရသည်။ အဆိုပါဌာနမှ တာဝန်ရှိသူများသည် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်တို့၏ လမ်းညွှန်မှုကို ခံယူလျက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြစ်ကြမ်းပြင်ကာကွယ်ထိန်းသိမ်းခြင်းအတွက် ကျောက်စီရေကာတာများ‌ဆောင် ရွက်ခြင်း၊ စေတီတော်ရင်ပြင်ချဲ့ခြင်း၊ Bored Pile အခြေပြု သံကူကွန်ကရစ်နံရံ ပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ ကျွန်တော်တို့က အဝေးမှစိတ်ပူရုံမျှသာ တစ်ကယ့်မြေပြင်မှာ ဖြစ်ပေါ်နေသော အခြေအနေများ ထူးလျှင်ထူးသလို အရင်ဆုံးရောက်သွားတတ်သူမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖြစ်ပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းတို့၏ ခရီးစဉ်များအတွင်း လိုအပ်သည်များ စီမံဖြည့်ဆည်းဆောင်ရွက်ပေးမှုများအတွက်လည်း မြို့နယ်သူ မြို့နယ်သား များကိုယ်စား ကျေးဇူးစကားဆိုပါရစေ။

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းကြိုးပမ်းပေး

          ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်ထဲက လေးမျက်နှာမြို့နယ်သို့ သွားရောက်ရသည့် အခြားရည်ရွယ်ချက်တစ်ခုမှာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဖြစ်သည်။ မိမိတို့ မြို့နယ်သည် အနောက်ရိုးမနှင့် အနီးဆုံးနေရာမှာ ရှိနေသည်။ ရခိုင်ပြည်နယ်နှင့် နယ်မြေချင်း ထိစပ်နေသည်။ ရခိုင်ပြည်နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားနေသည့် ဂယက်က မိမိတို့ဒေသကိုပါ လာရောက်ရိုက်ခတ်နိုင်သည်။ ကျေးရွာတိုင်းမှာ တာဝန်ရှိနေသ လို တာဝန်သိရန်လည်း လိုပါသည်။ ကျွန်တော်တို့ ၃ တန်း၊ ၄ တန်းအရွယ်ကပင် အနောက် ရိုးမနှင့် ဧရာဝတီတိုင်းဒေသကြီးမှာ ဖြတ်(၄)ဖြတ် စစ်ဆင်ရေးဖြင့် ဗကပကို တိုက်ထုတ်ခဲ့တာ မြင်ဖူးကြုံဖူးခဲ့သည်။ ၁၉၇၂/ ၇၃ မှာ ဗကပအမြစ်ပြတ်ပြီး ဧရာဝတီတိုင်းတစ်ခုလုံး အဖြူ ရောင်နယ်မြေ ဖြစ်ခဲ့သည်။ သည်ကာလတုန်းက ဒေသတွင်း ဘယ်နေရာတွေမှာ တိုက်ပွဲတွေ အဖြစ်များသည်၊ ချင်းလယ်ကြောနှင့် လဲခုံကြီး၊ လဲခုံလေးရွာတွေ၏ အနောက်ဘက်က ဘယ်နေရာတွေမှာ ခိုအောင်းနိုင်သည်၊ ချုံတောင်လို နေရာမျိုးတွေမှာ ဂရုပြုရမည် စတာတွေ ကို ငယ်စဉ်ကပင် နားရည်ဝခဲ့သည်။ ယနေ့အချိန်မှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးများသည် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကတာဝန်ရှိနေသည်။ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် လက်တွဲဆောင်ရွက်ရမည်။ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးမှာ တစ်နယ်လုံးက အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးမှာကြား ခဲ့သည်။ ရင်းရင်းနှီးနှီးဟု ပြောရခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးများထဲမှာ တစ်ဝက်ကျော် ကျော်လောက်က ကျွန်တော်နှင့် သူငယ်ချင်းဖြစ်ခဲ့သူများ၊ သိကျွမ်းခဲ့သူများ၊ မျက်မှန်းတန်းခဲ့ သူများ ပါဝင်နေ၍ပါတည်း။

ပန်းတောကြီးက သဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်း

          ကျွန်တော့်မိတ်ဆွေ ဦးကျော်ဝင်းနိုင်၊ အမှန်က သူ့အစ်မဖြစ်သူ ရီရီသန်းနှင့်မှ ကျွန်တော်က အတန်းတူမို့ ညီတော်မောင် ကိုကျော်ဝင်းနိုင်ဟုခေါ်လျှင် ပို၍မှန်ပါလိမ့်မည်။ ၂၀၂၂ ခုနှစ်ကုန်ကာနီးမှာ သူနေပြည်တော်သို့ ရောက်ရှိလာစဉ် သဘာဝမြေဩဇာ ထုတ်လုပ် သည့်လုပ်ငန်း ဆောင်ရွက်ရန် တိုက်တွန်း၍ လေ့လာသင့်သည့်နေရာများကို ပို့ဆောင်ပေး ခဲ့သည်။ ယခုတစ်ခေါက် ဧရာဝတီခရီးစဉ်မှာ သူက သိန်းငှက်အမှတ်တံဆိပ်ဖြင့် သဘာဝ မြေဩဇာများ ထုတ်လုပ်ဖြန့်ချိနေပြီ ဖြစ်သည်။ ထုတ်လုပ်ခွင့်မှတ်ပုံတင်လည်း ရထားပြီးပြီ။ ပါဝင်ပစ္စည်းများကလည်း နွားချေး၊ ကြက်ချေး၊ စက်ဖွဲပြာ၊ ပဲဖတ်၊ မြေနီမှုန့်၊ ဖွဲနု၊ ဆန်နုတ်၊ ငါးအမိုင်နို၊ ဒိုက်ချေး(ထူချေး)၊ EM ဖျော်ရည်စသည်ဖြင့် အမယ်စုံလှသည်။ အဆိုပါ ကုန်ကြမ်း ပစ္စည်းများအတွက်လည်း အခက်အခဲမရှိ အနီးပတ်ဝန်းကျင်မှာပဲ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။ ကျွန်တော်တို့ သွားရောက်ကြည့်ရှုချိန်မှာ အိတ်ရေ ၂၀၀၀၀ ခန့် ထုတ်ပိုးရန် အသင့်ရှိနေကြောင်း တွေ့ခဲ့ရ၏။ စမ်းသပ်အသုံးပြုနေကြသည့် ဒေသခံတောင်သူများက လည်း ကြိုက်နှစ်သက်ကြကြောင်း၊ ကောင်းမွန်ကြောင်း ထောက်ခံချက်တွေ ပေးကြသည်။ ကျွန်တော်ကိုယ်တိုင်ကလည်း နွားချေးနံ့တသင်းသင်းကြားမှာ ကြီးပြင်းလာသူမို့ သဘာဝ မြေဩဇာဆိုသည့် အသံကိုကြားသည်နှင့် မည်သည့်ဒေသ၊ မည်သည့်နေရာသို့မဆို အရောက် သွား၍ ဂုဏ်ပြုစကားဆိုခဲ့သည်သာ။ ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်တွေမှာ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင် တရားမှာ၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာမှာ၊ မန္တလေးတိုင်းဒေသကြီးထဲက ပျော်ဘွယ် မြို့နယ်မှာ သဘာဝမြေဩဇာထုတ်လုပ်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

သီတာချောင်းအနောက်က ဆင်ဖိုးထွန်း၏အမျိုးတွေ

          ငယ်စဉ်က မြန်မာစကားပြေစာအုပ်ထဲမှာ သင်ကြားခဲ့ရဖူးသော ဆင်ဖိုးထွန်း၊ ထိုစဉ်က တော့ ဆင်ဖိုးထွန်းဆိုသည်မှာ မုဆိုးကျော်တစ်ဦးအဖြစ်လည်းကောင်း၊ ဆင်များ၏ အလေ့ အထကို ကျွမ်းကျင်သူ၊ ရဲစွမ်းသတ္တိရှိသူ တစ်ဦးဟူ၍လည်းကောင်း နားလည်ခဲ့သည်။ သင်ယူလေ့လာခဲ့ရသည်။ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၁၉၈၃ ခုနှစ်မှစ၍ တာဝန်ထမ်းဆောင်ခဲ့သူ ဦးဌေးလွင်ဦး ရေးသားပြုစုထားသော သံသရာ ငြိမ်းအေးစတုမုခ ဇေယျသိန္ဓိ စေတီတော်မြတ်ကြီး၏ သမိုင်းမှတ်တမ်းစာအုပ်ထဲမှာ ဆင်ဖိုး ထွန်းအကြောင်း တစ်ပိုင်းတစ်စပါလာသည်ကတော့ ဆင်ဖိုးထွန်းသည် ဝံသာနုမျိုးချစ်ပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း၊ မော်ကွန်းဝင် (ပထမအဆင့်) ချီးမြှင့်ခြင်းခံရကြောင်း၊ သူ၏ဇာတိဖြစ် သော ဖက်စလက်ရွာသည် ယခင်လေးမျက်နှာမြို့နယ်အတွင်း ထည့်သွင်းဖွဲ့စည်းထားရာမှ ၁၉၇၀ ခုနှစ် ဖွဲ့စည်းပုံအရ ရေကြည်မြို့နယ်ထဲသို့ ပါဝင်သွားကြောင်း လေ့လာသိရှိရသည်။

          ပန်းတောကြီးမှ ပုသိမ်သို့ အသွားခရီးလမ်းမှာ မဖြစ်မနေဝင်ရမည့် ကျေးရွာတစ်ရွာ ရှိနေပါသည်။ ရေကြည်မြို့နယ်ထဲက ပန်းပုကွင်းကျေးရွာ ဖြစ်၏။ ဆရာတော် ဦးဝိလာသ၊ ဦးဇနိန္ဒနှင့် ရွာသူရွာသားများက ရွာအနီးက သီတာချောင်းကူးတံတား တည်ဆောက်ပေး ပါရန် ၂၀၂၃ ခုနှစ်ကတည်းက မေတ္တာရပ်ခံထားတာ ရှိနေသည်။ ချောင်းအနောက်ဘက်ရှိ ကျေးရွာအုပ်စု (၄) ခုအတွင်းမှာလည်း ကျေးရွာပေါင်း ၇၀ ကျော် ရှိနေကြောင်း သိရှိရသည်။ ထိုရွာတွေထဲမှာ ဆင်ဖိုးထွန်း၏ဇာတိ ဖက်စလက်ရွာလည်း ပါဝင်နေပါသည်။ သည်နေရာ၌ တံတားတစ်စင်း ပေါ်ပေါက်လာဖို့ သူတို့မျှော်လင့်ထားသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဟု ဆိုကြ၏။ အကယ်၍သာ တံတားတစ်စင်း ပေါ်ပေါက်လာပါက သူတို့အတွက် အိပ်မက်တံတား ဖြစ်နေပေလိမ့်မည်။ မြေနေရာ ရွေးချယ်ခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းတွေ လုပ်ကတည်းက ဒေသတစ်ခုလုံး ဝမ်းသာပျော်ရွှင်နေကြသည်ဟု ဆရာတော်က အမိန့်ရှိလာ သည်။ ကျွန်တော်တို့ သွားရောက်ကြည့်ရှုသည့်နေ့ကလည်း ချောင်းအနောက်ဘက်ကမ်းမှာ ရွာသူရွာသားများကို လှမ်းမြင်နေရသည်။ ဖက်စလက်ရွာသားများလည်း ပါဝင်နေကြပေမပေါ့။ သမ/ကျေးလက် ပြည်သူ့အတွက်မို့ ဆေးစက်ကျရာတိုင်းမှာ အရုပ်ထင်စေဖို့ အလိုလိုတာဝန် ရှိနေချေပြီတမုံ့။

သီတာကုန်းပြင်ဆိုသည်မှာ

          သီတာကုန်းပြင်ဆိုသည့်အမည်ကတော့ ဧရာဝတီတိုင်းဒေသကြီးထဲမှာ ချောင်းသာ၊ ငွေဆောင်တို့ကဲ့သို့ပင် လူသိများထင်ရှားကျော်ကြားခဲ့သည်။ ရခိုင်ဘုရင်မင်းဗာကြီးလက် ထက် အေဒီ ၁၅၃၁-၁၅၃၃ ကာလများတွင်မြောက်ဦးဒေသသို့ ပေါ်တူဂီများ ရောက်ရှိနေပြီး မြောက်ဦးမြို့ တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်ဆို၏။ မြောက်ဦးမင်းဆက် မင်းရာဇာကြီး အေဒီ ၁၅၉၃-၁၆၁၂ လက်ထက်၌ စစ်ဖက်အရာရှိအဖြစ် ပေါ်တူဂီလူမျိုး ငဇင်ကာသည် နေရာရရှိလာသည်။ ၁၅ ရာစုနှင့် ၁၆ ရာစုတို့တွင် ပေါ်တူဂီတို့ နယ်ချဲ့ အားကောင်းလာချိန်မှာ ရခိုင်ဘုရင်များ၊ မြန်မာဘုရင်များ အုပ်စိုးရာနေရာများ၌ စည်းလုံး ညီညွတ်မှု ပျက်ပြားပြီး သူတစ်လူငါတစ်မင်း ဖြစ်လာကြသည်။ ဘုရင့်နောင်မင်းတရားကြီး လွန်ပြီးနောက် သားတော် နန္ဒဘုရင်လက်ထက်တွင် အကွပ်အညှပ် အားနည်း၍ ဟံသာဝတီ ထီးနန်း ယိမ်းယိုင်ခဲ့သည်။ ဟံသာဝတီတိုက်ခိုက်ခံရပြီးနောက် ငဇင်ကာသည် သန်လျင်မြို့ စောင့်နယ်စား ခန့်ထားခြင်းခံရသည်။ ရခိုင်ဘက်တွင်လည်း သူတစ်လူငါတစ်မင်း ဖြစ်လာပြီး နောက် ရခိုင်အမတ်မင်းစောထွတ်က ၎င်း၏သမီး စောသန္တာ(စောသဒ္ဓါ)ကို ငဇင်ကာနှင့် လက်ဆက်ထိမ်းမြားပေးခဲ့သည်။ ၎င်းတို့နှစ်ဦးမှ သားတော်နန္ဒာဘယနှင့် သမီးတော် သုပဘာဒေဝီတို့ ထွန်းကားလာခဲ့သည်။ ငဇင်ကာသည် နတ်ရှင်နောင်နှင့်ပူးပေါင်းပြီး အေဒီ ၁၆၁၂ ၌ တောင်ငူကို တိုက်ခိုက်သိမ်းယူခဲ့သည်။ သည့်အတွက် အေဒီ ၁၆၁၃ ၌ အနောက် ဘက်လွန်မင်းတရားသည် သန်လျင်ကို ချီတက်တိုက်ခိုက်၍ ငဇင်ကာနှင့် နတ်ရှင်နောင် တို့အား ကွပ်မျက်ခဲ့ပါသည်။ စောသန္တာနှင့် သားငယ်သမီးငယ်တို့သည် ချွေရံသင်းပင်းများနှင့် အတူ သန်လျင်မှ လှေဖြင့်ဆန်တက်၍ ဟင်္သာတမြို့ဘက်သို့ ရောက်လာသည်။ ယင်းမှ တစ်ဖန် ငဝန်မြစ်အတွင်း ဝင်ရောက်ပြီး သီတာကုန်းပြင်ဖြစ်လာမည့် ဒေသဘက်သို့ ရောက်ရှိ လာပါသည်။ စောသန္တာမင်းသမီး လမ်းတွင်ဖျားနာပြီး ကွယ်လွန်သွားသောအခါ ကျန်ရစ်သော ကလေးနှစ်ဦးကို ရခိုင်အမတ်သုဒိန်က ကောက်ယူမွေးစား၍ ကျိုက်ယသီ (ယခင်ကျိုက်ပွင့် ပဒေါ မြို့ဟောင်းနေရာ) မြို့ကို တည်ထောင်ပေးခဲ့သည်။ အနောက်ဘက်လွန်မင်း လာတိုက် သောအခါ မြန်အောင်မြို့ဘက်သို့ ခေတ္တတိမ်းရှောင်ကြရင်း ကွင်းကောက်ဒေသ၌ ဘုရား စေတီများ တည်ခဲ့ကြကြောင်းသိရသည်။ ထိုအချိန်ကတည်းက ယင်းတို့နှစ်ဦးကို သီတာ မောင်နှမအဖြစ် ဒေသတစ်ခုလုံးက ချစ်ခင်စွာခေါ်ဝေါ်နေကြပြီ ဖြစ်သည်။ သီတာကုန်းပြင် ဒေသသို့ ပြန်လည်ရောက်ရှိကြပြီးနောက် ရွှေနန်းဦးစေတီ (မြသိန်းတန်စေတီ)၊ ရွှေဒါန်းဦး စေတီ၊ ရွှေကူနီဘုရား တို့ကို တည်ခဲ့ကြသည်။

          သီတာမောင်နှမသည် ယင်းကဲ့သို့နေလာရာက အေဒီ ၁၆၃၇ ခုနှစ်၌ မောင်တော် နန္ဒာ ဘယမင်းသားသည် ဘေးထိုးရင်ကြပ်နာ ပြင်းစွာဖြစ်၍ ကွယ်လွန်ခဲ့သည်။ မောင်ဖြစ်သူ ကွယ်လွန်ပြီး မကြာမီမှာပင် နှမတော် သုပဘာဒေဝီမင်းသမီးသည်လည်း ရင်ကွဲနာကျ၍ ကွယ်လွန်ပြန်လေ၏။ အေဒီ ၁၈၇၁ ခုနှစ်တွင် ရွှေနန်းဦးစေတီကို ပြုပြင်မွမ်းမံပြီး မြသိန်းတန် စေတီအဖြစ် ဘွဲ့အမည် ပြောင်းလဲခေါ်ဝေါ်ချိန်မှာပင် သီတာမောင်နှမ နတ်ကွန်းစင် ပေါ်ပေါက်လာခဲ့ပါသည်။ ဘုရားပြုပြင်ချိန် အေဒီ ၁၈၇၁ ခုနှစ် ရေးထိုးခဲ့သော မြသိန်းတန် စေတီကျောက်စာ၌ အထက်ပါအကြောင်းအရာအချို့ကို ဖော်ပြထားကြောင်း ဖတ်ရှုလေ့လာခဲ့ ရပါသည်။ မြသိန်းတန်ဘုရားပွဲကို နှစ်စဉ်တပေါင်းလ၌ ကုန်းပွဲ၊ တော်သလင်းလ၌ ရေပွဲများ ကျင်းပကာ ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြသည်။ ရှေးယခင်က ကုန်းပွဲတွင် ဇာတ်သဘင်ပွဲများ၊ ရိုးရာခြင်းလုံးခတ်၊ ဘော်လီဘောပွဲများ ကျင်းပပြီး ရေပွဲ၌မူ သီတာချောင်းထဲတွင် လောင်း လှေများ ယှဉ်ပြိုင်လှော်ခတ်ကြသည်ဟု သိရှိရပါသည်။

          ယခင်ခရီးစဉ်များနှင့်အတူ သီတာကုန်းပြင်သို့ ကျွန်တော် နှစ်ကြိမ်နှစ်ခါ ရောက်ပြီးဖြစ် ပါသည်။ ဘုရားပွဲနှင့်မကြုံခဲ့၊ ယခုတစ်ခေါက်မှာတော့ မြသိန်းတန်စေတီတော်မြတ်ကြီး၏ (၁၅၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေချိန်နှင့် တိုက်ဆိုင်စွာရောက်ခဲ့ရပါပြီ။ မြသိန်းတန်စေတီတော်မြတ်ကြီးကို ဖူးမြော်ကန်တော့ပြီးနောက် ဘုရားပွဲတော်အထိမ်းအမှတ် ကျင်းပနေသော ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ဘောလုံးပွဲများ ပြီးသွားလျှင် သီတာချောင်းထဲမှာ လှေပြိုင်ပွဲများ ဆက်လက်ကျင်းပကြဦးမည် ဖြစ်သည်။

အိမ်မဲ၊ ဝါးခယ်မနှင့် မြောင်းမြမြို့နယ်ထဲက မဒေါ့ပင်

          ဩဂုတ်လ ၃၀ ရက်နေ့နံနက်ပိုင်း ပုသိမ်မှ အိမ်မဲမြို့နယ်သို့ သွားရောက်ကာ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထိုမှ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာသို့ သွားရောက်ကာ စိုက် ပျိုးရေးနည်းပညာပြန့်ပွားရေးစင်တာ၌ ဝါးခယ်မမြို့နယ်အတွင်းက နေကြာစိုက် တောင်သူ များ၊ သမဝါယမအသင်းသားများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးရေး ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။ ရွှေကြာဖြူ-၂ စိုက်ပျိုးရေးသမဝါယမအသင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော တောင်သူ ဦးဝင်းဗိုလ်က ယမန်နှစ် နေကြာ ၄ ဧက စိုက်ပျိုးခဲ့မှု အတွေ့အကြုံနှင့် ရုရှားရွက်ဖျန်း သဘာဝမြေဩဇာ အသုံးပြုခဲ့မှု၊ ပျားပုံးထားရှိ ခဲ့မှု၊ ဓာတ်မြေဩဇာသုံးစွဲခဲ့မှု စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဦးဝင်းဗိုလ်၏ စိုက်ခင်းမှ မနှစ်က နေကြာတစ်ဧကလျှင် အစို ၇၂ တင်း၊ အခြောက် ၆၅ တင်း ထွက်ရှိခဲ့သည်။ ဝါးခယ်မသည် အဓိကနေကြာစိုက်ပျိုးရေးဇုန်ထဲတွင် မပါဝင်သော်လည်း သမဝါယမစနစ်ဖြင့် ဧက ၁၄၀ စိုက်ပျိုးကြရေး ဖွဲ့စည်းဆောင်ရွက်ကာ ရုရှားရွက်ဖျန်း သဘာဝမြေဩဇာများ ပေးအပ်ခဲ့ပါသည်။ ခရီးစဉ်အစအဆုံး အတူလိုက်ပါလာခဲ့သော ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်ကလည်း လိုအပ်သည်များ မှာကြားခဲ့သည်။ ဝါးခယ်မမြို့နယ်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် မြောင်းမြမြို့နယ်သို့ ကူးခဲ့ကြသည်။

          မြောင်းမြမြို့နယ်ထဲက မဒေါ့ပင်ခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက် ခဲ့ကြပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးမည့်လုပ်ငန်းများ၊ (၅) နှစ် စီမံကိန်းဖြင့် ဆက်လက်ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကာ ကျေးလက်စီးပွားမြင့်မားရေး (RBF) ရန်ပုံငွေကျပ် သိန်း ၃၀၀၊ ခေတ်မီစံပြကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၁၇၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ မဒေါ့ပင်ကျေးရွာသူကျေးရွာ သားများကိုယ်စား အထက်တန်းကျောင်းခွဲမှ ဆရာမဒေါ်ချိုမာအေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ရွာကပြန်အထွက်၌ အထက်တန်းကျောင်းခွဲရှေ့က ကားဖြတ်မောင်းရ သည်။ အမှတ်မထင် လှမ်း၍တွေ့လိုက်ရသည်မှာ ကျောင်းအဝင် မြောင်းကူးတံတားလေးက မကောင်းတော့ပြီ။ ကျောင်းသားကျောင်းသူလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်ကူး သွားလာနိုင်ရေးအတွက် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရေး ညှိနှိုင်း မှာကြားခဲ့ပါသည်။ မတောင်းဘဲ ရလိုက်သော သည်လုပ်ငန်းအတွက် မဒေါ့ပင်ကျေးရွာက ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအားလုံး ဝမ်းမြောက်ဝမ်းသာ ရှိကြလိမ့်မည် ထင်ပါသည်။

ဂုဏ်ပြုလိုက်ပါသည် သမီးမှုန်နံ့သာ

          ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုး အောင်နှင့်အတူ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ကျောင်းသားကျောင်းသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိအောင် ပထမနှစ်စကတည်း က ကြိုးစားသင်ယူကြရေး၊ ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်ကို ထည့်သွင်းသင်ကြားပေး ရေး တိုက်တွန်းမှာကြားကာ ထူးချွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေဖို့ လည်း ကြိုးစားအားထုတ်ကြရန် ပြောဖြစ်ခဲ့သည်။ အားကစားအကြောင်းပြောရင်း ဘောလုံး၊ ဘော်လီဘောကစားရန် ဝါသနာပါသော ကျောင်းသားကျောင်းသူများ ရှိမရှိ မေးမြန်းရင်း ဖြင့် ဒုတိယနှစ်ကျောင်းသူ မမှုန်နံ့သာသည် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ် သော အရှေ့တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲတွင်  ရိုးရာခြင်း ၆ ယောက်တွဲ အခြေခံအထိ (၆) ချက်ပြိုင်ပွဲ Event 4 ၌ ပထမရွှေတံဆိပ်ဆု၊ တစ်ဦးချင်းပြိုင်ပွဲ အခြေခံအထိ (၆) ချက်ပြိုင်ပွဲ Event 3 ၌ ဒုတိယငွေတံဆိပ်ဆု၊ ၆ ယောက်တွဲ အခြေခံအထိ (၆) ချက်ပြိုင်ပွဲ Event 2 ၌ ဒုတိယငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ( ထိုင်းနိုင်ငံ) တွင်လည်း မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင်ယှဉ်ပြိုင်ရဦးမည်ဖြစ်၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်းကောင်း၊ သင်တန်းကျောင်းအနေဖြင့်လည်းကောင်း များစွာဂုဏ်ယူရပါကြောင်း ဖော်ပြအပ်ပါသည်။

စပါးပြီးစပါး စိုက်ပျိုးနေသော ကံကုန်းကျေးရွာ

ပုသိမ်ကအပြန်မှာ ကန်ကြီးထောင့်မြို့နယ်၊ ကံကုန်းကျေးရွာသို့ ခဏဝင်၍ ထိုရွာရှိ လယ် ၅ ဧကမှာ စပါးပြီးစပါး စိုက်ပျိုးနေသော ပညာရေးကောလိပ်မှ အငြိမ်းစားဆရာမကြီး ဒေါ်ခင်အုန်းမြင့်ကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တို့တွင် ကန်ကြီးထောင့်မြို့နယ် အတွင်းကျေးရွာ (၈) ရွာတို့၌ စိုက်ဧကစုစုပေါင်း (၁၃၀) ဧက နွေစပါးအောင်ရေရရှိရေးအတွက် ပြည်ထောင်စုဘက်ဂျတ်၊ တိုင်းဒေသကြီးဘက်ဂျတ်တို့ဖြင့် တွင်းတိမ်တူး၍လည်းကောင်း၊ ချောင်းရေမှလည်းကောင်း ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးခဲ့ပါသည်။

ကံကုန်းကျေးရွာမှ ဒေါ်ခင်အုန်းမြင့်၏ လယ် (၅) ဧကအတွက် အနက်ပေ ၁၇၀ တွင်းတိမ် တူးပြီး ၃ လက်မ Pump၊ 2 Horse Power ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ မိုးကြိုရာသီတွင် ဆင်းသုခစပါးမျိုး စိုက်ပျိုး၍ တစ်ဧက ၆၀ တင်း၊ မိုးရာသီတွင် ရက် ၉၀ စပါးမျိုး စိုက်ပျိုး၍ တစ်ဧက ၆၂ တင်း၊ နွေစပါးကို ဆင်းသုခစပါးမျိုးစိုက်ပျိုး၍ တစ်ဧက ၁၀၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ လယ် (၅) ဧကတွင် တစ်နှစ်ပတ်လုံး စပါးပြီးစပါး စိုက်ပျိုးခဲ့ခြင်းအတွက် စုစုပေါင်းလယ်(၁၅)ဧကမှ ထွက်ရှိသောစပါးများ ရောင်းချပြီးအမြတ်ငွေ မှာ သွင်းအား စုနှင့် စိုက်ပျိုးရိတ်သိမ်းစရိတ်များနှုတ်ပြီး အသားတင် ၁၁၅ သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။

မိုးကြိုနှင့် မိုးစပါး အထွက်တိုးရန်အတွက် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးရန် တိုက်တွန်းမှာကြားခဲ့ပြီး ယခုမိုးရာသီ ရက် ၉၀ စပါးမျိုး စိုက်ပျိုးရန်အတွက် မြေပြုပြင်ထားရှိမှု၊ ပျိုးထောင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပါသည်။

ရိုးသားကြိုးစား ဧရာဝတီသားတို့ရေ…..

          စပါးလည်း အထွက်တိုးစေဖို့၊ ဆီထွက်သီးနှံမှာလည်း နောက်ကျမကျန်ရစ်ခဲ့စေဖို့၊ အားကစားကအစ အခြားသောလုပ်ငန်းတွေမှာ အောင်မြင်မှုတွေရစေဖို့ ရိုးသားစွာကြိုးစားကြ ရင်း တိုင်းဧရာ တည်ငြိမ်အေးချမ်းဖို့အတွက်လည်း နိုးကြားသောအသိဖြင့် ရှိနေကြစေရန် တိုက်တွန်းလိုက်ရပါကြောင်း ………….။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm