နေပြည်တော် စက်တင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်၊ ပေါပဲကျေးရွာသို့ သွားရောက် ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေး ဆောင်ရွက်မည့် လုပ်ငန်းအဖြစ် သင်တန်းသူ (၁၀)ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိသော စက်ချုပ်သင် တန်းမှ သင်တန်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်ပို့ချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစု ဝင်ငွေတိုးပွားရေး ဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြား နိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် အမှန်တကယ်ဝင်ရောက် လုပ်ကိုင်နိုင်ကာ ဝင်ငွေများ ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများကို လုပ်ငန်း သုံးပစ္စည်းများ မတည် ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများမှလည်း အမှန်တကယ် လုပ်ကိုင်ကြရန် လိုအပ် ကြောင်း၊ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မှု ရှိ၊ မရှိကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲစစ်ဆေးရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများနှင့် သင်တန်းသူများ၏ တင်ပြချက်များ အပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကလောမြို့နယ် ဘော်နင်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ဘော်နင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်း(Smart Village) လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ကျေးရွာအစုအဖွဲ့များ၏ ဝင်ငွေတိုးတက်ရရှိမှု အခြေအနေများ အား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ယခု ဘော်နင်းကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)၏ အဓိကကဏ္ဍကြီး(၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံအဆောက်အအုံဖွံ့ဖြိုးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီ ထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွား မြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများ အနေဖြင့် ယခုလို နိုင်ငံတော်အစိုးရမှ ဘက်ပေါင်းစုံ လာရောက်ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်ပေး သည့် အချိန်တွင် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက် များကိုပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ငါးရွာ အိမ်ခြေ ၁၂၁၃ အိမ်၊ လူဦးရေ ၅၅၀၀ ကျော်နှင့် စိုက်ပျိုးဧက ၁၃၀၀ ကျော်တို့ကို အကျိုးပြုပေးနိုင်မည့် တောင်မြေခြား- မြောက်မြေခြား ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ရောက်ရှိကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာ ပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေး မှာကြားပြီးနောက် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘော်နင်းကျေးရွာအတွက် ခေတ်မီ စံပြကျေးရွာစီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၅၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၅၀)တို့ကို ကျေးရွာကော်မတီဝင်များထံသို့ လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာအတွက် အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ်သိန်း(၃၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဆောင်ရွက်မည့် ကျေးရွာနှစ်ရွာအတွက် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၃၀၀)တို့ကို သက်ဆိုင်ရာကျေးရွာကော်မတီဝင်များထံသို့လည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ပြီးနောက် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား လည်းကောင်း၊ ဘော်နင်း ကျေးရွာအခြေခံပညာအထက်ကျောင်းရှိ ဆရာ၊ ဆရာများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍လည်းကောင်း၊ ဝင်ငွေတိုးစီမံကိန်းဖြင့် သင်တန်းဆင်းပြီး မိုးသောက်ကြယ် ဆိုင်ကယ် ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ညောင်ရွှေမြို့နယ်၊ ကျော့မောင်ငယ် ကျေးရွာသို့ရောက်ရှိ ကျေးရွာယာယီရှင်းလင်းဆောင်၌ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူများ တွေ့ဆုံရာ ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း သမဝါယမ ကဏ္ဍမှ ဆီထွက်သီးနှံ နေကြာတိုးချဲ့ထုတ်လုပ်နိုင်ရေး နှင့် သမဝါယမအသင်းများမှ လျာထားစိုက်ဧက ပြည့်မီ အောင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချရန် အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကဏ္ဍ အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာများကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီရောက်ရှိရေး စီမံဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေများဖြင့် ပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးစေ့ထုတ် တောင်သူများထံမှ အရည်အသွေးမီ မျိုးစေ့များကို ပြန်လည် စိုက်ပျိုးမည့်တောင်သူများမှ စနစ်တကျ ဝယ်ယူစိုက်ပျိုးနိုင်ရေး သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာတို့မှ ပူးပေါင်းဆောင်ရွက်ပေး မှာဖြစ်ကြောင်း၊ စီမံကိန်းအောင်မြင်စေရေး ဌာနဆိုင်ရာဝန်ထမ်းများမှ တောင်သူများ နားလည်အောင် စည်းရုံး ဆွေးနွေးရမှာဖြစ်ကြောင်း၊ လိုအပ်သော နည်းပညာနှင့် ဝန်ဆောင်မှုများကို ပူးပေါင်းဆောင်ရွက် ပေးမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံ နေကြာစီမံကိန်းအောင်မြင်ပြီး ပြည်သူများ စီးပွားရေးတွက်ချေ ကိုက်ပါက ဒေသစားသုံးဆီ ဖူလုံမည့်အပြင် နောင်နှစ်များမှာ တောင်သူများမှ တိုးချဲ့စိုက်ပျိုး လာမှာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစု များကို အချိန်မီရရှိရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ကျေးရွာတောင်သူများ အနေဖြင့်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ထောက်ပံ့ငွေများ၊ မြစိမ်းရောင်စီမံကိန်းချေးငွေများကို သီးနှံပေါ်ပါက သတ်မှတ်ကာလအတွင်း အပြေအကြေပေးသွင်းပြီး နိုင်ငံသားတာဝန် ကျေပွန်ကြရန်လိုအပ်ကြောင်း ပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သမဝါယမအသင်းသား ဆီထွက် သီးနှံ(နေကြာ)စိုက်ပျိုးမည့် သမဝါယမအသင်းသားများအတွက် မျိုးနှင့် သွင်းအားစုဓါတ်မြေဩဇာ များကို အသင်းသားတောင်သူများ ထံသို့လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကွမ်းခြံအထက်ကျေးရွာနှင့် ကွမ်းခြံကျေးရွာတို့ အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း(၆၀၀)ကို ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ထံသို့လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်မည့် ရွာသာရွာ ကျေးရွာအတွက် စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၅၀)ကို ကျေးရွာကော်မတီဝင်ထံသို့ လည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။