Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝန်ကြီးဌာနကိုယ်စားပြု တက္ကသိုလ်ဘောလုံးအသင်းအား တွေ့ဆုံအားပေး ဝန်ထမ်းများအတွက် စားသုံးဆီများ ထောက်ပံ့ပေးအပ်


05 Sep,2024

 နေပြည်တော် စက်တင်ဘာ ၅

          ၂၀၂၄ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) နှင့် (စစ်ကိုင်း) တို့မှ အားကစားသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် တွေ့ဆုံပွဲ ကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ပြိုင်ပွဲဝင်ဘောလုံးသမားများ၊ အသင်းအုပ်ချုပ်သူနည်းပြ များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

          ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက လာမည့်နှစ် အားကစားပြိုင်ပွဲ၌ အောင်မြင်မှု ရရှိအောင် ကြိုးစားလေ့ကျင့်ကြရန်၊ ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာရေး အတွက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များတွင် မေဂျာ အလိုက် ဘောလုံးပြိုင်ပွဲများ ကျင်းပသွားရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန်က အားပေးစကား ပြောကြားခဲ့သည်။ထို့နောက် ဒုတိယဝန်ကြီးက တက္ကသိုလ်ဘောလုံးအသင်းနှင့် နည်းပြများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း ပေးအပ်ခဲ့သည်။

         ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၆-B) သို့ သွားရောက်ပြီး ဌာနအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနမှ ချမှတ်ထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း များအတိုင်း၊ ယုံကြည်ချက် ခံယူချက်အတိုင်း အကောင်းဆုံး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့ရရှိသည့် ဝင်ငွေအပေါ် ချင့်ချိန်သုံးစွဲရန် လိုအပ်ပြီး တင်းတိမ်ရောင့်ရဲစိတ် မွေးနိုင်ရမည် ဖြစ်ကြောင်း၊ ဌာနချစ်စိတ် မွေးမြူပြီး ပျော်ရွှင်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ ကျန်းမာရေး လိုက်စားကြရန်၊ အောက်ခြေဝန်ထမ်းများ၏ အခက်အခဲများကိုလည်း ဂရုတစိုက်ဖြေရှင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ ဌာနတွင်း ရာထူးတိုးစားမေးပွဲများ၊ ရာထူးဝန်စာမေးပွဲများ၊ နိုင်ငံခြားပညာ တော်သင်များကိုလည်း ဖြေဆိုနိုင်ရေး ကြိုးစားကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

        ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဝန်ထမ်းများအနေဖြင့် ဌာနအချင်းချင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အပြုသဘောဆောင်ပူးပေါင်းမှုသည် အရေးကြီးပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အပြန်အလှန်လေးစားမှု တင်ပြဆွေးနွေးမှုများအပေါ် နားထောင်ပေးခြင်း၊ ပြောဆိုဆက်ဆံရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ပေးဆောင်ရွက်ရာတွင် ယုံကြည်မှုနှင့် ယုံကြည် စိတ်ချမှု၊ ဆက်သွယ်ပြောဆိုမှု ထိ‌ရောက်မှု၊ ရိုးသားမှု၊ တန်ဖိုးထားမှု၊ မိသားစုစိတ်ဓါတ်ထားရှိရန်၊ MCRD/ DRD အတွက် ချမှတ်ထားသော စံတန်ဖိုးများကို လေးစားလိုက်နာရန်၊ အတ္တမာန်မာနများ ရှေ့တန်းတင် ဆောင်ရွက်ခြင်းမပြုရန်နှင့် စဉ်းစားတွေးခေါ်ကြံစည်မှု ကောင်းမွန်ရန်တို့ကို Power point ဖြင့် ရှင်းလင်းပြောကြားသည်။ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဌာနမှဆောင်ရွက်မှုများ ရှင်းလင်းတင်ပြ ပြီး ဝန်ထမ်းများအား လိုအပ်သည်များ  ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး (စီမံ) က ဝန်ထမ်းသက်သာချောင်ချိရေး ဆောင်ရွက်ပေးထားမှုများ ရှင်းလင်းတင်ပြသည်။          ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ဝန်ထမ်းများ၏ လိုအပ်ချက်များ တင်ပြချက်မှုအပေါ် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အရာထမ်း၊ အမှုထမ်း ဝန်ထမ်း များနှင့် နေ့စားဝန်ထမ်းများအပါအဝင် ဝန်ထမ်းစုစုပေါင်း (၄၈၂) ဦးအား တစ်ဦးလျှင် မြေပဲဆီသန့် (၅၀) သားဘူး (၁) ဘူးနှုန်းဖြင့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ခဲ့ပြီး ဌာခွဲအလိုက် ကိုယ်စားလှယ်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm