Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဘာဝမြေဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ဆောင်ရွက်ပေးမှု


09 Aug,2022

ပြည်ထောင်စုဝန်ကြီးသည် ၂-၉-၂၀၂၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ လယ်သာနှင့် ကျောက်စရစ်ကုန်းကျေးရွာအနီးရှိ စမ်းဝတီ နို့စားနွား‌မွေးမြူရေးခြံသို့ ကွင်းဆင်းခဲ့ရာ နို့စားနွားအကောင်ရေ (၄၀၀) ကျော်မှ နို့နှင့် နို့ထွက်ပစ္စည်းများကို ထုတ်လုပ်မှုသာ ဆောင်ရွက်နေ၍ ရရှိသောနွားချေးများအား သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

              ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုအရ အသင်းသား (၁၄) ဦးပါဝင်သော စမ်းဝတီမွေးမြူ ရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းကို ၂၀-၉-၂၀၂၁ ရက်တွင် သမဝါယမ ဦးစီးဌာနမှ ဖွဲ့စည်းမှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ပါသည်။ သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် စက်ကိရိယာများဝယ်ယူခြင်း၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် အီလက်ထရောနစ်ဆိုင်ရာများ၊ အဆောက်အဦနှင့် ခြံစည်းရိုးအုတ် တံတိုင်းကာရံခြင်း၊ ရေရရှိ ရေးနှင့် အသေးအဖွဲဆက်စပ်ပစ္စည်းများ (မော်တာများအပါအဝင်) စသည်များကို ဆောင်ရွက် နိုင်ရေးအတွက် ကျပ် (၂၄၄၃) သိန်း ကုန်ကျမည်ဖြစ်ပြီး စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရေးသမဝါယမအသင်းအနေဖြင့် ငွေကြေးအရင်းအနှီး အပြည့်အဝ မဆောင်ရွက်နိုင် ကြောင်း သိရှိရပါသည်။

             သို့ဖြစ်၍ အထက်ပါနွားချေးမှ သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကုန်ကျစရိတ် ငွေကျပ် (၂၄၄၃) သိန်းအနက် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းမှ ရင်းနှီးစိုက်ထုတ်နိုင်သည့်ငွေကျပ် (၁၄၄၃)သိန်းနှင့် လိုအပ်သော ကျန်ငွေ ကျပ်သိန်း (၁၀၀၀) ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ သက်သာသောချေးငွေဖြင့် ပံ့ပိုးပေးခဲ့ပါသည်။

               ထို့ကြောင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်းအနေဖြင့် ယင်းသို့ လုပ်ငန်းလည်ပတ်နိုင်ရန် ချေးငွေရရှိခဲ့၍ သဘာဝမြေဩဇာထုတ်လုပ် နိုင်ရေးအတွက် ၁၆၂’_၇၂’ကျယ်ဝန်းသော သဘာဝမြေဩဇာစက်ရုံတည်ဆောက်နိုင်ခဲ့ပါသည်။

              ထို့နောက် သဘာဝမြေဩဇာစက်ရုံအား စက်စမ်းသပ်လည်ပတ်မှုကို (၃) လခန့် စမ်းသပ်လည်ပတ်၍ လက်ရှိတပ်ဆင်ထားသော စက်စွမ်းအားအနေအထားအရ တစ်ရက် လျှင် (၅၀) ကီလိုဂရမ်အိတ် ၁၀၀ ကျော် (၅ တန်ခန့်)၊ တစ်လလျှင် (၅၀) ကီလိုဂရမ်အိတ် (၂၆၀၀) ကျော် (၁၃၀ တန်ခန့်) ထုတ်လုပ်နိုင်ပြီး အဆိုပါစက်ရုံကို ၁၁-၂-၂၀၂၂ ရက်တွင် ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ထို့ပြင် စက်ရုံမှ ထုတ်လုပ်သည့် သဘာဝမြေဩဇာသည် မြေဩဇာကော်မတီမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိရန်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဩဇာ မှတ်ပုံတင်ခွင့်ပြုမိန့်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါထွက်ရှိလာသော သဘာဝမြေဩဇာများကို ဒေသ တွင်းရှိ တောင်သူများအား သဘာဝမြေဩဇာ (ပုံမှန်) (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် စက်ရုံ ထုတ်ဈေး ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ တောင်သူများက လာရောက် ဝယ်ယူအသုံးပြုလျက်ရှိပါသည်။

              ထို့နောက် ထုတ်လုပ်ရရှိသော ထွက်ကုန်များကို တိုင်းဒေသကြီး/ပြည်နယ် သမဝါယမအသင်းအဆင့်ဆင့်နှင့် ချိတ်ဆက်၍လည်းကောင်း၊ အနယ်နယ်အရပ်ရပ်ရှိ တောင်သူ များထံ လက်ဝယ်အရောက် ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့်လည်းကောင်း ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ပါသည်။

              စမ်းဝတီသဘာဝမြေဩဇာစက်ရုံမှ ထွက်ရှိသော သဘာဝမြေဩဇာများကို တောင်သူများအနေဖြင့် သုံးစွဲပါက မြေသားဖွဲ့စည်းမှုကောင်းခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အစိုဓါတ် ကို ကြာရှည်ထိန်းထားနိုင်ခြင်း၊ ပုလဲ၊ တီစူပါနှင့် ပိုတက်ဓါတ်မြေဩဇာများတွင် ပါဝင်သည့် အဓိကအာဟာရဓါတ် ၃ မျိုးလုံးအပြင် အကျိုးပြု ဗက်တီးရီးယားများနှင့် အခြားအာဟာရဓါတ် များလည်း ပါဝင်နေခြင်း၊ သီးနှံပင်သက်တမ်း တစ်လျှောက်လုံး အကျိုးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည့်အပြင် ဓါတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်နေချိန်တွင် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူလိုပါက ကွင်းအမှတ် (၁၅၁၁)၊ ညောင်ပင်သာကွင်း၊ လယ်သာရွာအနီး၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိခရိုင် ဖုန်း- (၀၉-၄၂၄၆၈၄၄၁၇) ၊ (၀၉-၈၃၀၃၅၂၁) ၊ (၀၉-၄၄၈၀၀၂၃၂၄) ဆက်သွယ်မှာယူနိုင်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm