Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)အား ကြည့်ရှုစစ်ဆေး


31 Aug,2024

နေပြည်တော် ဩဂုတ် ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း  က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသားသင်တန်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာများ ရှင်းလင်း တင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးက သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး တက်ရောက်ခွင့်ရရှိအောင် ကြိုစားသင်ယူကြရေး၊ ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်အား စနစ်တကျ သင်ကြားပို့ချနိုင်ရေးအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် တက္ကသိုလ်၊ ကောလိပ်နှင့် ဦးစီးဌာနများ သို့ အကူအညီတောင်းခံ သင်ကြားပို့ချပေးရေး၊ ထူးချွန်သောအားကစားသမားကောင်းများ ပေါ်ထွက်လာ ရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရေး မှာကြားပြီး ဆရာဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပထမနှစ်နှင့် ဒုတိယနှစ် တက်ရောက်နေကြသော ကျောင်းသားကျောင်းသူလေးများ အား လိုက်လံနှုတ်ဆက်၍ ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သော အရှေ့တောင်အာရှ (ဆီးဂိမ်း) ပြိုင်ပွဲတွင်  ရိုးရာခြင်း ၆ ယောက်တွဲ အခြေခံအထိ (၆) ချက်ပြိုင်ပွဲ Event 4 ၌ ပထမ ရွှေတံဆိပ်ဆု၊ တစ်ဦးချင်းပြိုင်ပွဲ အခြေခံအထိ (၆) ချက်ပြိုင်ပွဲ Event 3 ၌ ဒုတိယ ငွေတံဆိပ်ဆု၊ ၆ ယောက်တွဲ အခြေခံအထိ (၆) ချက်ပြိုင်ပွဲ Event 2 ၌ ဒုတိယ ငွေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ဒုတိယနှစ်ကျောင်းသူ မမှုံနံ့သာအား ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ တို့ဖြင့် တည်ဆောက်နေသော (၃) ထပ် သင်တန်းသားအိပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှု စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ၏ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ပညာရေးကောလိပ်မှ အငြိမ်းစားဆရာမကြီး ဒေါ်ခင်အုန်းမြင့် ကိုယ်တိုင်ဦးစီး၍ ကန်ကြီးထောင့်မြို့နယ်၊ ကံကုန်းကျေးရွာရှိ လယ် (၅) ဧကတွင် စပါး ပြီးစပါး စိုက်ပျိုးနေမှုအခြေအနေကို သွားရောက်မေးမြန်းလေ့လာကြည့်ရှုခဲ့ကြသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာညွန့်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တို့တွင် ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာ (၈) ရွာတို့၌ စိုက်ဧကစုစုပေါင်း (၁၃၀) ဧက တွင် နွေစပါးအောင်ရေရရှိရေးအတွက် ပြည်ထောင်စုဘက်ဂျတ်၊ တိုင်းဒေသကြီးဘက်ဂျတ်တို့ဖြင့် တွင်းတိမ် တူး၍လည်းကောင်း၊ ချောင်းရေမှလည်းကောင်း ဆိုလာရေတင်စနစ် ဆောင်ရွက်ပေးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ကံကုန်းကျေးရွာမှ ဒေါ်ခင်အုန်းမြင့်၏ လယ် (၅) ဧကအတွက် အနက်ပေ ၁၇၀ တွင်းတိမ်တူးပြီး ၃ လက်မ Pump၊ 2 Horse Power ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ မိုးကြိုရာသီတွင် ဆင်းသုခစပါးမျိုး စိုက်ပျိုး၍ တစ်ဧက ၆၀ တင်း၊ မိုးရာသီတွင် ရက် ၉၀ စပါးမျိုး စိုက်ပျိုး၍ တစ်ဧက ၆၂ တင်း၊ နွေစပါးကို ဆင်းသုခစပါးမျိုးစိုက်ပျိုး၍ တစ်ဧက ၁၀၅ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ လယ် (၅) ဧကတွင် တစ်နှစ်ပတ်လုံး စပါးပြီးစပါး စိုက်ပျိုးခဲ့ခြင်းအတွက် စုစုပေါင်း လယ် (၁၅) ဧကမှ ထွက်ရှိသောစပါးများ ရောင်းချပြီးအမြတ်ငွေမှာ သွင်းအားစုနှင့် စိုက်ပျိုးရိတ်သိမ်းစရိတ်များနှုတ်ပြီး အသားတင် ၁၁၅ သိန်း ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းသို့စိုက်ပျိုးဆောင်ရွက်ခဲ့မှုအပေါ် မိုးကြိုနှင့် မိုးစပါး အထွက်တိုးရန်အတွက် အထွက်တိုး စပါးမျိုးများ စိုက်ပျိုးရန် တိုက်တွန်းမှာကြားခဲ့ပြီး ယခုမိုးရာသီ ရက် ၉၀ စပါးမျိုး စိုက်ပျိုးရန်အတွက် မြေပြုပြင်ထားရှိမှု၊ ပျိုးထောင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm