Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး အိမ်မဲ၊ ဝါးခယ်မ၊ မြောင်းမြ၊ ကန်ကြီးထောင့်မြို့နယ်များ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်


30 Aug,2024

နေပြည်တော် ဩဂုတ် ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း  က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ မကျီးချောင်းကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆဌမအကြိမ် လည်ပတ် ရန်ပုံငွေ၊ အတိုးရငွေတို့ဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူးက ကျေးရွာအတွင်း ဆောင်ရွက်ပေးခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းတင် ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာသူကျေးရွာသားများ၏ သောက်သုံးရေ သန့်စင်စနစ် တပ်ဆင်ပေးရေးနှင့် ရွာအဝင်လမ်း တံတားတည်ဆောက်ပေးရေး တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာသို့ သွားရောက်ပြီး စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် ဝါးခယ်မမြို့နယ်အတွင်းရှိ နေကြာစိုက်တောင်သူများ၊ သမဝါယမအသင်းသားများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာတွင် ရွှေကြာဖြူ-၂ စိုက်ပျိုးရေး သမဝါယမ အသင်းဥက္ကဋ္ဌ တောင်သူ ဦးဝင်းဗိုလ်က ယမန်နှစ်က စိုက်ပျိုးခဲ့သော နေကြာ (၄) ဧကတွင် ရုရှား သဘာဝရွက်ဖျန်းဆေး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေး အသုံးပြုခဲ့မှုအခြေအနေ၊ ပျားပုံး အသုံးပြုခဲ့မှုအခြေအနေနှင့် အဆိုပါစိုက်ခင်းမှ တစ်ဧကလျှင် အစိုထွက်နှုန်း (၇၂) တင်း၊ အခြောက် ထွက်နှုန်း (၆၅) တင်း ထွက်ရှိမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေး တင်ပြသည်။ယင်းနောက် ဒုတိယဝန်ကြီးက နေကြာအထွက်တိုးမျိုး စိုက်ပျိုးကြရေး၊ ရုရှား ရွက်ဖျန်းသဘာဝ မြေဩဇာကို စနစ်တကျ အသုံးပြုတတ်ရန်အတွက် အသိပညာဖြန့်ဝေပေးရေး မှာကြားသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သမဝါယမအသင်းသားတောင်သူများထံ ရုရှားရွက်ဖျန်း သဘာဝမြေဩဇာများ ပေးအပ်ခဲ့သည်။  

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ဝဲရွာကျုံစိန်ကျေးရွာအုပ်စု၊ ကျောင်းစု ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည် (၁၂၈၅) ပေ ကွန်ကရစ်ဘီးလမ်း ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မဒေါ့ပင်ခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စံပြကျေးရွာစီမံကိန်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းကာလ (၅) နှစ် အတွင်း မိမိတို့ဦးစီးဌာန (၄) ခု၏ လုပ်ငန်းများ ဆက်စပ်ဝန်ကြီးဌာနများ၏ လုပ်ငန်းများကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းနောက် တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော လုပ်ငန်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကျေးလက်စီးပွားမြင့်မားရေး (RBF) ရန်ပုံငွေကျပ် သိန်း (၃၀၀) ကို လည်းကောင်း၊ တိုင်းအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ခေတ်မီစံပြကျေးရွာ စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၁၇၀) ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာသူကျေးရွာသားများကိုယ်စား အထက်တန်းကျောင်းခွဲမှ ဆရာမ ဒေါ်ချိုမာအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှု အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအတွင်း ဆောင်ရွက်ပေးခဲ့သော သောက်သုံးရေရရှိရေးလုပ်ငန်းကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်မည့်မြေနေရာကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်ပြီး ကလေးဖွံ့ဖြိုးရေးစင်တာသို့ သွားရောက်ကာ မူကြိုကလေးငယ်များအား နွားနို့နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနေသာ ခရောင်းကွင်း-ပုလဲကူး-ပေပင်စာဖြူစု ကျေးရွာချင်းဆက်လမ်း အရှည် (၂) မိုင်အနက် (၄.၂) ဖာလုံ ခွဲကျောက်အမာခံ ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ပြီး ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm