Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး လေးမျက်နှာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


29 Aug,2024

နေပြည်တော် ဩဂုတ် ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း  က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူ များလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့သို့သွားရောက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဝါစိုက်တောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက ယခုနှစ်စိုက်ပျိုး ရာသီ၌ တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့်အခြေအနေများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လာမည့်စိုက်ပျိုးရာသီအမှီ ရေဆင်းစပ်မျိုး-၂ နေကြာမျိုးများ၊ သွင်းအားစု ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ အချိန်မီကူညီပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်က အမှာစကား ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သမဝါယမဦးစီးဌာနနှင့် စိုက်ပျိုးရေးသမဝါယမအသင်းများက ဆီထွက်သီးနှံနေကြာ ဧကစုစုပေါင်း (၃၅,၀၀၀) စိုက်ပျိုးမည်ဖြစ်၍ ဇလွန်မြို့နယ်အနေဖြင့်လည်း သမဝါယမအသင်းအချင်းချင်းပံ့ပိုးငွေဖြင့် ပါဝင်စိုက်ပျိုးသွားမည်ဖြစ်ပြီး ထွက်ရှိလာသော နေကြာသီးနှံ များကို သမဝါယမအသင်းများ၏ အစီအစဉ်ဖြင့် ဆီကြိတ်၍ ဒေသဝမ်းစာဖူလုံရေးအတွက် ဖြန့်ဖြူးပေး သွားမည် ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့သို့ သွားရောက်၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် မြို့နယ်မှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက မြို့နယ်အတွင်း ဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူး များက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်ရွက်ပြီးစီးမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက လေးမျက်နှာမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက် ပေးလျက်ရှိသော လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှု၊ သမဝါယမ အသင်းအချင်းချင်း ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါး၊ နွေစပါး စိုက်ပျိုးရေးလုပ်ငန်း များ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံ နေကြာ၊ မြေပဲနှင့် နှမ်းများ တိုးချဲ့စိုက်ပျိုးရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စုအလိုက် ပူးပေါင်းဆောင်ရွက်ကြ ရေး တိုက်တွန်းမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် လေးမျက်နှာမြို့နယ်၊ ခတ္တူကျေးရွာသို့ သွားရောက်ပြီး သက္ကရာဇ် ၄၂၀ ပြည့်နှစ်က ပုဂံပြည့်ရှင်အနော်ရထာမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော သမိုင်း ဝင် စတုမုခ ထူပါရုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ငဝန်မြစ်ရေ တိုက်စားမှုကြောင့် စေတီတော်မြတ်ကြီး ကမ်းပြိုရေခမှု မဖြစ်ပေါ်စေရေး ကြိုးပမ်း ဆောင်ရွက်ပေးနေသော ကမ်းထိန်းလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

အဆိုပါမြစ်ကမ်းထိန်းလုပ်ငန်းကို ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှစ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မြစ်ကြမ်းပြင်ကာကွယ်ထိန်းသိမ်းခြင်းအတွက် ကျောက်စီရေကာတာ ဆောင်ရွက်ခြင်း၊ စေတီတော်ရင်ပြင်ချဲ့ခြင်း၊ Bored Pile အခြေပြုသံကူကွန်ကရစ်နံရံပြုလုပ်ခြင်းလုပ်ငန်း များကို တာဝန်ရှိသူအဆင့်ဆင့်က စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက် ရှိသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ငဝန်မြစ်ကြောင်းအခြေအနေနှင့် ကမ်းထိန်းလုပ်ငန်းများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့် တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့သည် လေး မျက်နှာမြို့နယ်၊ ခတ္တူ-ခုံကြီးလမ်းပေါ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူတည် ဆောက်လျက်ရှိသော ပေ (၂၂၀) သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းမီစွာ အချိန်မီပြီးစီးရေး၊ တံတားချဉ်းကပ်လမ်းများ ကောင်းမွန်ရေး မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပန်းတောကြီးကျေးရွာသို့ သွားရောက်၍ ပြီးခဲ့သည့်ဘဏ္ဍာနှစ် က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သော မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်းအား တက်ရောက်အောင်မြင်ပြီး ဆိုင်ကယ်ပြင်လုပ်ငန်း ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသော သင်တန်းသား ဦးအောင်ပိုင်စိုး၏ ကိုညီဆိုင်ကယ်ပြင်ဆိုင်ကို သွားရောက်ကြည့်ရှုအားပေးခဲ့ သည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပန်းတောကြီးကျေးရွာ၌ လုပ်ငန်းရှင် ဦးကျော်ဝင်းနိုင် ဆောင်ရွက်နေသော သိမ်းငှက် သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး သည်။ အဆိုပါသဘာဝမြေဩဇာတွင် ဖွဲနု၊ ဖွဲပြာ၊ ဆန်နုတ်၊ ဒိုက်ချေး၊ ပဲဖတ်၊ အသင့်သုံး EM ဖျော်ရည်၊ ငါးအမိုင်နို၊ ကြက်ချေး၊ နွားချေး၊ မြေဆွေးတို့ အသုံးပြုထုတ်လုပ်ထားပြီး ဒေသခံတောင်သူများထံ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းကုကွင်းကျေးရွာအုပ်စုသို့ သွားရောက်ပြီး သီတာချောင်းကူးတံတား တည်ဆောက်ပေးနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ သီတာကုန်းပြင်သို့ သွားရောက်၍ သမိုင်းဝင်မြသိန်းတန် စေတီတော်မြတ်ကြီးအား ဖူးမြော်ကန်တော့ပြီး (၁၅၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော ရပ်သာကြီးကျေးရွာနှင့် ကံကုန်းကျေးရွာတို့၏ ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm