မြင့်စိုး(နတလ)
တစ်ခါတုန်းက မဲနယ်တောင်တန်းပေါ်မှာ
“ဦးထွန်းရင်လောကို မှတ်မိကြလားဗျ”
“မှတ်မိပါတယ်”
“ဒေါ်ကြူကြူမားကိုရော”
“မှတ်မိတယ်”
ကျွန်တော့်ရှေ့မှာ ထိုင်နေကြသော ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူတွေထဲမှာ အသက်အရွယ်အားဖြင့် ၅၀ ကျော် ၆၀ တန်းတွေ ပါဝင်နေသောကြောင့် အထက်ပါပုဂ္ဂိုလ် နှစ်ဦး၏ အမည်ကို ကျွန်တော်က အမှတ်ရစွာ မေးလိုက်မိသလို၊ သူတို့ကလည်း သတိရစွာ တညီတညာတည်း ဖြေကြသည်။ မှတ်မိပါသည်…….တဲ့။ နေရာကတော့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ မဲနယ်တောင်တန်းပေါ်မှာ။ သည်နေရာ၊ သည် ဒေသ၊ သည်တောင်တန်းပေါ်က ပချားကလို့၊ ကျောက္ကချားအပါအဝင် ရွာပေါင်းများစွာကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်ကာလကတည်းက ရောက်ဖူးခဲ့သည်။ တိတိကျကျပြောရလျှင် ၁၉၈၂-၁၉၈၃ ခုနှစ်တွေမှာ တပ်မတော်သားဘဝဖြင့် စတင်ရောက်ဖူးခဲ့ခြင်း ဖြစ်၏။ ရှမ်းပြည်နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ၊ ဦးထွန်းရင်လောနှင့် ပါတီဘက်မှာ ဒေါ်ကြကြူမားတို့ တာဝန်ထမ်းဆောင်နေချိန် ဖြစ်၏။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဖြစ်၍ ထိုစဉ်က ဒေသပါတီဥက္ကဋ္ဌမှာ တိုင်းမှူးဗိုလ်ချုပ်အေးစန်ဟု ထင်မြင်မိပါသည်။ ထိုစဉ်က ပအိုဝ်းဒေသ အတွင်း လှုပ်ရှားနေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ဦးအောင်ခမ်းထီ၏ PNO အဖွဲ့၊ ဦးတာကလယ်နှင့် စောဖားမူတို့၏ ရလလဖ အဖွဲ့၊ ကယားပြည်နယ်နှင့်လည်း နယ်နမိတ်ချင်း ထိစပ်နေ၍ ကလလတ ထွန်းကျော်အဖွဲ့၊ သန်းချ (ငြိမ်းချမ်းရေးယူပြီးချိန်တွင် ကယန်းပြည်သစ်ပါတီ အဖွဲ့ခေါင်းဆောင် ဦးသန်းစိုးနိုင်) အဖွဲ့၊ ကျွန်တော် ပညာသင်ကြားခဲ့ ဖူးသော ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ ပရဟိတကျောင်းမှာ (၄) တန်းအထိ လာရောက်နေထိုင်သွားသည့် ဟန်းသလော (MTA ဟိုမိန်းဒေသမှာ ပြန်တွေ့ရချိန်၌ သူ့နာမည်ကို လဝေထန်ဟု ပြောင်းထားသည်) အဖွဲ့တို့ ဖြစ်သည်။ PNO အဖွဲ့မှလွဲ၍ ကျန် လက်နက်ကိုင်အဖွဲ့အားလုံး ဗကပနှင့်တွဲ၍ လှုပ်ရှားခဲ့ကြသည်။ ထိုစဉ်က ၎င်းတို့လှုပ်ရှားရာ နယ်မြေများမှာ ဆီဆိုင်အရှေ့ခြမ်းဒေသများနှင့် မဲနယ်တောင်တန်းပေါ်၌လည်းကောင်း၊ ဆီဆိုင်တောင်ခြမ်းဒေသနှင့် သံတံတားမှကူး၍ ပွန်ချောင်းအရှေ့ဘက်ကမ်းမှသည် ရှမ်းပြည် နယ်(တောင်ပိုင်း) ဒေသများဖြစ်သော မိုးနဲ၊ မောက်မယ် ဆက်စပ်နယ်မြေများအထိ ဖြစ်သည်။ PNO အဖွဲ့ကတော့ ပင်လောင်းမြို့နယ်နှင့် ဟိုပုံးမြောက်ခြမ်း၊ ကျောက်တန်းဒေသ တွေမှာ အများဆုံးလှုပ်ရှားခဲ့ကြသည်။ ၁၉၈၅ ခုနှစ်အထိ ၃/၄ ကြိမ်ထက်မနည်း ထိုခွင်တွေထဲ မှာ စစ်ဆင်ရေးဝင်ခဲ့ရ၏။
ထိုမှ ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းအမျိုးသားငြိမ်းချမ်းရေးအဖွဲ့ (PNO) သည် ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် တရားဥပဒေဘောင်အတွင်း ဝင်ရောက် လာခဲ့ပြီး ကျောက်တလုံးကြီးဒေသတွင် အခြေပြုကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံ တော်နှင့် လက်တွဲဆောင်ရွက်ခဲ့သည်မှာ ယနေ့ကာလတိုင်ဖြစ်သည်။ ထို့အတူ ဦးတာကလယ် ၏ ရလလဖအဖွဲ့သည်လည်း ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာခဲ့သဖြင့် ဆီဆိုင်တောင်ခြမ်း နောင်ထော်ဒေသ၌ အခြေပြုခဲ့ ကြသည်။ ဦးတာကလယ်အဖွဲ့ ဝင်ရောက်မလာမီကတည်းကပင် ကယားပြည်နယ်အတွင်း၌ ကလလတ အဖွဲ့သည် ၁၉၉၄ ခုနှစ်၊ မေလ ၉ ရက်နေ့တွင်လည်းကောင်း၊ ကယန်း ပြည်သစ်ပါတီအဖွဲ့သည် ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင်လည်းကောင်း တရားဥပဒေ ဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ဖြစ်သည်။ လေးမျက်နှာပရဟိတကျောင်းက ကျွန်တော် တို့၏ ကျေးဇူးရှင်ဆရာတော်ကြီးများ ဖြစ်ကြသော ဦးပညာလောက၊ ဦးဇောတိပါလတို့၏ တပည့်ဖြစ်ခဲ့ဖူးသူ ဟန်းသလော(ခ) လဝေထန်တစ်ယောက်ကတော့ KNPP နှင့်လည်းတွဲ၍ လှုပ်ရှားသည်။ ဗကပနှင့်လည်းတွဲသည်။ ပင်လောင်းခွင်မှာ ကျွန်တော်ရှိနေစဉ် ကျောင်းနေ ဘက်သူငယ်ချင်းများမှတစ်ဆင့် ဟန်းသလော အလင်းဝင်ရောက်ရေးကို စည်းရုံးကြည့်ခဲ့ဖူး သည်။ နောက်တော့ သူလည်း KNPP အဖွဲ့ကနေ ဦးခွန်ဆာ၏ MTA အဖွဲ့သို့ ရောက်သွားပုံရ သည်။ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၅၊ ၆ ရက်တွေမှာ MTA အဖွဲ့ကြီး အကြွင်းမဲ့လက်နက်စွန့် ချိန်၊ ကျွန်တော်လည်း တပ်မတော်သားဘဝကနေ နယ်ဘက်တာဝန် ကူးပြောင်းထမ်းဆောင် ပြီး နတလသို့ ရောက်နေချိန်၊ MTA ဌာနချုပ် (ဟိုမိန်း) သို့သွား၍ အထူးအုပ်ချုပ်ရေးအဖွဲ့ တာဝန်များကို ထမ်းဆောင်ရစဉ် ဟန်းသလော(ခ)လဝေထန်နှင့် ပြန်တွေ့ရသည်။ ဖယ်ခုံ ဘက်သို့ ပြန်သွားပြီးနောက် ကွယ်လွန်သွားပြီဟု ကြားလိုက်ရ၏။
ငြိမ်းချမ်းရေးရေပြင်ထက်က ဂယက်တစ်ခု
ဆိုရသော် ပအိုဝ်းဒေသ၊ နောင်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုလုံး ၁၉၉၄ ခုနှစ်မှ ယနေ့အချိန်ထိ တည်ငြိမ်အေးချမ်းသွားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှု အခြေခံ ကောင်းတွေ ရခဲ့သည်။ ဘာသာတရားကိုင်းရှိုင်းသော၊ အလှူအတန်းရက်ရောသော လူမျိုး ဖြစ်၍ နိုင်ငံတော်အစိုးရက မိဘနေရာမှနေ၍ ကျပ်သိန်း ၁၀၀ မတည်ပေးလျှင် သူတို့က ကျပ် သိန်း ၂၀၀၊ ၃၀၀ ဝိုင်းထည့်ဝင်ကာ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ လမ်း၊ တံတား တွေ တည်ဆောက်ဖောက်လုပ်ခဲ့ကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ သို့သော် နှစ်ပေါင်း ၃၀ ကျော် အေးချမ်းတည်ငြိမ်စွာ ရပ်တည်လာခဲ့သော ပအိုဝ်းဒေသအတွင်း ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်း၌ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာသို့ PNLO အဖွဲ့၏ တရားမဝင်လက်နက်ခဲယမ်းများ သယ်ဆောင်လာမှုဖြစ်စဉ်မှ အစပြုကာ လုံခြုံရေး တပ်ဖွဲ့ဝင် များ၏ စစ်ဆေးမှုကိုမခံယူဘဲ ပြန်လည်ပစ်ခတ်ခြင်း၊ လက်နက်/ခဲယမ်းတင်ဆောင်လာသော ယာဉ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ပေါက်ကွဲမှုများနှင့်အတူ စံဖူးကျေးရွာရှိ နေအိမ် ၂၇ လုံး မီးလောင်ပြာကျခဲ့ရသည်။ ထိုဖြစ်စဉ်၏ နောက်ဆက်တွဲအဖြစ် မဲနယ်တောင် တန်းပေါ်ရှိ နန်းဟူး၊ ပန်လျန်း၊ ကျောက္ကချားကျေးရွာများတွင် ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိလာကာ နေအိမ် အချို့ မီးလောင်ဆုံးရှုံးခဲ့သည်။ စင်စစ်သော်ကား PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုး ထားသော အဖွဲ့ဖြစ်ပြီး ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကူညီစောင့်ရှောက် ကာကွယ်ပေးရမည့်အဖွဲ့ ဖြစ်သည်။ PNLO သည် ဦးတာကလယ်၏ ရလလဖအဖွဲ့မှနေ၍ ခွဲထွက်သည့် အဖွဲ့ခွဲများထဲကတစ်ဖွဲ့ ဖြစ်သည်။
PNLO အစပျိုးလိုက်သည့် မီးတောက်က စံဖူး၊ နန်းဟူး၊ ပန်လျန်း၊ ကျောက္ကချား လောက်မှာပဲ ရပ်မနေခဲ့၊ ကယားပြည်နယ်ထဲက အကြမ်းဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ထိပါးနှောင့်ယှက်ခဲ့သည်။ ဆီဆိုင်ဈေးကြီးအပါ အဝင် ဒေသခံတိုင်းရင်းသားများ၏ နေအိမ်များ၊ ရုံးများ မီးလောင်ဆုံးရှုံးခဲ့သည်။ မိမိလူမျိုး များ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ကိုယ်တိုင်ဦးဆောင်ပါဝင်ခဲ့သော PNLO ၏ လုပ်ရပ်အပေါ် အံ့ဩမှင်တက်ခဲ့ရသည်။ ဆီဆိုင်မြို့လေးကို ၁၉၈၂ ခုနှစ်တွင် စတင်ရောက်ဖူး ခဲ့သည်။ နတလဝန်ထမ်းဘဝဖြင့် တပ်မတော်သားဘဝက မိမိတို့နေခဲ့သည့်နေရာ၊ ထိုစဉ်က တပ်မမှူး ဗိုလ်မှူးကြီးဖုန်းမြင့် ရုံးထိုင်သည့်တပ်မကုန်းနေရာတို့မှာ အမှတ်တရဓာတ်ပုံများ ရိုက်ခဲ့သည်။ လွယ်ဆန်စစ်ရွာက နာနတ်သီးအလွန်ချိုတာကို မမေ့သလို ၁၉၈၀ ပြည့်လွန်နှစ် များက ဆိုက်ခေါင်ကျေးရွာလေးသည် မြို့ငယ်လေးတစ်ခုပမာ ဖွံ့ဖြိုးစည်ပင်လာပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသများသို့လည်းကောင်း၊ ကယားပြည်နယ်သို့လည်းကောင်း ဆက်သွယ်ရောင်းဝယ်ဖောက်ကားရန် အချက်အခြာနေရာ တစ်ခုဖြစ်လာခဲ့လေသည်။ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေးအော်ပရေတာများ၊ လူငယ် သင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းများဖြင့် ခမ်းနားထည်ဝါလာခဲ့သည်။ ဈေးကြီးကလည်း ဟည်းလို့၊ ယခုဖြစ်စဉ်၌ ဆိုက်ခေါင်ကိုပင် အနည်းငယ် အဖျားခတ်သွား သေး၏။
ပင်လောင်းမှ အင်းပေါခုံခေတ်မီစံပြကျေးရွာသို့
ယခုလဆန်းပိုင်း ဩဂုတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ၂ ညအိပ် ၃ ရက် ခရီးစဉ်ရေးဆွဲ တင်ပြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဆီဆိုင်မြို့ တွင် ပြန်လည်တာဝန်ထမ်းဆောင်နေကြသော မိမိဝန်ထမ်းများနှင့် တွေ့ဆုံအားပေးရန်၊ ရုံး ဖွင့်လှစ်နိုင်မှုနှင့် ပြန်လည်တည်ဆောက်ရမည့် ရုံးများ အခြေအနေတို့ကို ကြည့်ရှုရန်၊ မဲနယ် တောင်ပေါ်က ကျေးရွာလေးများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြန်လည်ဆောင်ရွက်ပေးထားသည့် ရေပေးရေးလုပ်ငန်းများ အဆင်ပြေမှုရှိ/ မရှိ ကြည့်ရှု စစ်ဆေးရန်၊ တောင်ကြီး၊ ညောင်ရွှေ၊ ပင်းတယမြို့နယ်များ၌ ဆီထွက်သီးနှံနေကြာ ဧက ၅၀၀၀ ကို ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်၊ တောင်ကြီးမြို့နယ်သမဝါယအသင်းစု၊ ညောင်ရွှေမြို့နယ်သမဝါယမအသင်းစုများ၏ ကူညီပံ့ပိုးငွေ ၁ ဘီလီယံဖြင့် အောင်မြင်အောင် စိုက်ပျိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ရန်တို့အတွက် ဖြစ်ပါသည်။
ခရီးစဉ်ပထမနေ့မှာ ပင်လောင်းမြို့နယ်ထဲက နောင်မွန်းကျေးရွာသို့ ဝင်ရောက်ပြီး နွား မွေးမြူရေးသမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို အားပေးသည်။ ယခင် တစ်ခေါက်သွားကတည်းက ရင်းနှီးခင်မင်စွာ ပြောဆိုဆက်ဆံခဲ့သဖြင့် (ပအိုဝ်းစကားကိုလည်း မတောက်တခေါက်ပြောခဲ့သဖြင့်) လှိုက်လှဲဝမ်းသာစွာ ကြိုဆိုကြသည်။ နွားမွေးမြူရေး လုပ်ငန်း တိုးတက်လာစေဖို့အတွက် လိုအပ်သည်များ မှာကြားကာ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့သည်။ ထိုမှ နောင်တရားသို့ ဆက်လက်ထွက်ခွာပြီး နောင်တရားသမဝါယမအသင်း၏ အာလူးအအေးခန်းစက်ရုံ၊ သဘာဝမြေဩဇာစက်ရုံ၊ အာလူးတစ်သျှုးကာချာ မျိုးပွားခြံတို့ကို ကြည့်ရှုအားပေးသည်။ ထိုခရီးစဉ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေဝင်းအောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ခွန်ရဲထွေးတို့ လည်း လိုက်ပါလာသဖြင့် ပင်လောင်းမြို့နယ်အတွင်းက နောင်တရား၊ နန်းတိုင်းနှင့် လွင် ကျေးရွာတို့မှ ငရုတ်သီးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ သမဝါယမအသင်းစုချုပ်များနှင့် ပူးပေါင်းကာ ကုန်ထုတ်သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရေး၊ ဈေးကွက်ရရှိရေး၊ တန်ဖိုး မြင့်ထုတ်ကုန် ပြုလုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရန်နှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရေးအထိ ပါရည်မှန်းချက်ထားဆောင်ရွက်ကြရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ ညနေပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းမှ အင်းပေါခုံခေတ်မီစံပြကျေးရွာ (Smart Village) သို့ သွားရောက်၍ ကျေးရွာကော်မတီဝင်များ၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတိုင်စည်း နည်း ပညာ တက်ရောက်နေကြသော သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံခဲ့ပါသည်။ အာဆီယံကျေးရွာကွန်ရက်များ ချိတ်ဆက်ရေးအစီအစဉ်အတွက် ကျေးရွာ ၃ ရွာကို ရွေးချယ် ခဲ့ရာတွင် ညောင်ဦးမြို့နယ်အတွင်းမှ ခရီးသွားလုပ်ငန်းအခြေပြု မြင်းကပါခေတ်မီစံပြ ကျေးရွာကိုလည်းကောင်း၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းမှ ဒီဂျစ်တယ်နည်းပညာ အခြေပြု သော်မှော်ကုန်းခေတ်မီစံပြကျေးရွာကိုလည်းကောင်း၊ ညောင်ရွှေမြို့နယ်အတွင်းမှ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OVOP) အခြေပြု အင်းပေါခုံကျေးရွာကိုလည်းကောင်း သတ်မှတ်ရွေးချယ်ထားပြီး ဖြစ်ပါသည်။
အင်းပေါခုံ ခေတ်မီစံပြကျေးရွာ (Smart Village)၏ အနေအထားက ရိုးရိုးလေးနှင့် တစ်မျိုးဆန်းနေသည်ဟု ပြောရမည်လားမသိ၊ ကြည့်လေ…. အင်းပေါခုံ(အလယ်)၊ အင်းပေါခုံ (အရှေ့)၊ အင်းပေါခုံ(တောင်)၊ အင်းပေါခုံ(အနောက်)၊ အင်းပေါခုံ(မြောက်)ဟူ၍ အစုအဖွဲ့လေး များဖြင့် ဖြစ်တည်နေပေရာ စုစုပေါင်း အိမ်ခြေ (၂၈၈) အိမ် ရှိပါသည်။ စံပြကျေးရွာဆိုသော အမည်နှင့်အညီ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိ၏။ ရွာချင်းဆက်တံတား၊ ကွန်ကရစ်လျှောက်လမ်း၊ ရေပေးရေးလုပ်ငန်းများအတွက် ရေစင်နှင့် ပိုက်များ၊ ကျေးရွာပိုင် ကြာစိုက်ပျိုးရေးကန် တူးဖော်ပေးရေး၊ မီးပေးရေးလုပ်ငန်း များအတွက် သစ်သားတိုင်များအစား ကွန်ကရစ်မီးတိုင်လဲလှယ်ပေးရေး၊ ကျေးရွာစာကြည့် တိုက် တည်ဆောက်ပေးရေး အစရှိသည်တို့ကို ကူညီပံ့ပိုးဆောင်ရွက်ပေးရန် တင်ပြကြရာ သက်ဆိုင်ရာဦးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အင်းပေါခုံရွာသို့ အသွား မှာရော အပြန်ခရီးမှာပါ မိုးကလေးဖွဲဖွဲရွာချနေသဖြင့် အင်းလေးမြင်ကွင်းက ပို၍လှနေ သလိုပင်။ အင်းလေးရေပြင်ထက်မှာ ဥဒဟိုသွားနေကြသည့် စက်လှေလေးများ၊ ရိုးရာအိမ် လေးများ၊ အင်းအရှေ့နှင့်အနောက်မှာ သွယ်တန်းနေသည့် တောင်တန်းများကို လှမ်းမြော် ကြည့်ရင်း ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ မိုးညအိပ်မက်မြူဝတ္တုထဲက စကားလုံးများကို တေးစာသားအဖြစ် သီကုံးဖွဲ့နွဲ့ထားသော၊ အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော၊ တေးသံ ရှင် အစ်မကြီး ဒေါ်ခင်ညွန့်ရည်၊ ဂီတမှုး စန္ဒရားတင်ဝင်းလှိုင်တို့၏ မိုးညအိပ်မက်မြူ သီချင်း ကိုပဲ ညည်းချင်လာသလိုလို၊ နိုင်ငံကျော်မင်းသားကြီး ဦးကျော်ဟိန်းနှင့် အကယ်ဒမီ ဒေါ်ခင်သီတာထွန်းတို့ ပါဝင်သရုပ်ဆောင်ထားသော အင်းလေးမှာရွာတဲ့မိုး ရုပ်ရှင်ဇာတ်ကား ကြီးကိုပဲ သတိရလာသလိုလိုနှင့် အမျိုးအမည်ဖော်ပြ၍မရသော ခံစားမှုများ ဖြစ်ပေါ်လာ သည်ကတော့ အမှန်ပင်။
တိုက်ပွဲကြားက ဝက်ကလေးတွေ
နောက်တစ်နေ့၊ ဩဂုတ်လ ၂ ရက်နေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ သွားရောက်ခဲ့သည်။ မြို့တည်ဆောက်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဆောင်ရွက်နေသည် ကို တွေ့ရသည်။ ထိုသို့ဆောင်ရွက်နိုင်ခြင်းမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်တို့၏ ခရီးစဉ်များ၊ ကျန်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၏ ခရီးစဉ်များတွင် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ်မှုများ ပြုလုပ်၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်မှုများ ကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက် (၆) ခုနှင့် ကျေးရွာ (၅) ရွာအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေ ပေးဝေနေ သော ရေပေးရေးလုပ်ငန်း ပြန်လည်ကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ၎င်း ရေပေးရေးလုပ်ငန်းမှာ ကျွန်တော် နတလတွင် ရှိစဉ်ကတည်းက TPA အဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့သော၊ ဂျပန်နိုင်ငံသူ မစ္စရှီဘာဒါ (မြန်မာအမည် မစံပယ်ဟု မှည့်ထားသည်) ဦးစီး လုပ်ကိုင်ပေးခဲ့သော လုပ်ငန်းဖြစ်သည်။ ယခု ပင်မရေထွက်ရေကန်မှ ရေများကို ၁၅ ကီလိုဝပ် ဆိုလာ ၂ စုံ၊ မြင်းကောင်ရေ ၁၀ ကောင်အား ရေတင်ပန့်များဖြင့် ရေသိုလှောင်ကန် ၂ ခုသို့ ပေးပို့နိုင်အောင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ကူညီဆောင်ရွက်ပေးထားသဖြင့် လျှပ်စစ်မီးရော၊ ဆိုလာကိုပါ အသုံး ပြုနိုင်ပြီ ဖြစ်ပါသည်။
ယင်းနောက် မိမိတို့ဝန်ကြီးဌာနရုံးများ၊ ပြန်လည်တည်ဆောက်ပေးရမည့် ရုံးနေရာ၊ ယာယီရုံး ဖွင့်ထားသည့် နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ပြီးလျှင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ တစ်ဦးချင်းအခက်အခဲ များကိုလည်း မေးမြန်းခဲ့သည်။ ဆီဆိုင်ဒေသခံဝန်ထမ်းများထဲက ဒုတိယဦးစီးမှူး ဝန်ထမ်း မိန်းကလေးတစ်ဦးဆိုလျှင် မိသားစုစားဝတ်နေရေးအတွက် ဝက်မွေးမြူရေးလုပ်ငန်း ဆောင် ရွက်လျက်ရှိရာ ဝက်မကြီး ၄ ကောင်၊ ဝက်လတ် ၂၀ ကောင်ထိ ဖြစ်ထွန်းနေချိန်၊ ယခုတိုက်ပွဲ ဖြစ်စဉ်ကြောင့် လူရော ဝက်ရော ဘေးလွတ်ရာသို့ ပြေးရင်း အားလုံးပျောက်ဆုံးသွားသဖြင့် သိန်း ၁၀၀ ကျော် ထိခိုက်ဆုံးရှုံးသွားခဲ့သည်။ ကျန်သည့် မြို့သူမြို့သားများ၏ ဆုံးရှုံးမှုများ ကိုတော့ဖြင့် မပြောလိုတော့ပြီ။ ယခင်တစ်ခေါက်က ကျွန်တော် အမှတ်တရ လိုက်လံကြည့်ရှု ခဲ့သော ဆီဆိုင်ဈေးကြီးလည်း မရှိတော့ပြီ။ အားနှင့် မာန်နှင့် ပြန်လည်ရုန်းထကြပါစို့ ဆီဆိုင်ရေ…….။
နန်းဟူး၊ ပန်လျန်း၊ ကျောက္ကချား
ဆီဆိုင်မြို့မှထွက်ခွာ၍ မဲနယ်တောင်တန်းပေါ်က နန်းဟူးကျေးရွာ၊ ပန်လျန်းကျေးရွာ၊ ကျောက္ကချားကျေးရွာများသို့ သွားရောက်ခဲ့သည်။ တောင်ပေါ်ဒေသဆိုသော်ငြားလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ဖောက်ထားသောလမ်း၊ နတလက ဖောက် ထားသောလမ်း၊ ကျွန်တော်တို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖောက် ထားသောလမ်းများဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လျက်ရှိပါသည်။ ပြန်လည် ပြုပြင်ပေးရမည့် နေရာများလည်း တွေ့ရသည်။ စံဖူးရွာဖြစ်စဉ် ဖြစ်ပွားပြီးနောက် အဆိုပါ ကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရ သည်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က နေအိမ်များ ပြန်လည်တည်ဆောက်နိုင်အောင် ကူညီပံ့ပိုး ပေးခဲ့သဖြင့် အိမ်သစ်ကလေးများကို တွေ့မြင်နေရပြီ ဖြစ်သည်။ ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ ရာတွင် အိမ်တွင်းမီးသွယ်တန်းရေးကိစ္စများ ကူညီပေးရန်၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာချင်း ဆက်လမ်းများ ဖောက်လုပ်ပေးရန်၊ ကျေးရွာတွင်းလမ်းများ ပြုပြင်ပေးရန်နှင့် ရေပြွန်တံတား များ တည်ဆောက်ပေးရန်၊ ကျေးရွာစာကြည့်တိုက်ရရှိရေး၊ စာသင်ကျောင်းနှင့် ဆေးပေးခန်း အတွက် ခြံစည်းရိုးကာရံနိုင်ရေးကိစ္စများ ကူညီပေးရန်တို့ကို တင်ပြလာသဖြင့် ညှိနှိုင်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့ပါသည်။ ကျေးရွာ (၃) ရွာစလုံးက နေအိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသော ပအိုဝ်းတိုင်းရင်းသား၊ တိုင်းရင်းသူ သက်ကြီးရွယ်အိုများ၏ နှုတ်မှ အံကျ လာသော စကားတစ်ခွန်းကတော့ “ငါတို့တစ်သက်မှာ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”….တဲ့လေ။
သူငယ်ချင်းတို့ရဲ့ ပအိုဝ်းဒေသ၊ ထာဝရအေးချမ်းပါစေ
၁၉၉၁ ခုနှစ်မှစ၍ ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်ကို စတင်ခံစားခဲ့ကြရသော ပအိုဝ်း ဒေသ၊ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများမှသည် အာလူး၊ ထောပတ်၊ ပင်မှည့် အစရှိသည့် စိုက်ပျိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးကာ လူမှုစီးပွားဘဝများ မြင့်မားလာသည့် ပအိုဝ်းဒေသ၊ ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းရက်ရောကာ စေတနာသဒ္ဓါတရား ထက်သန်သည့် လူမျိုးများပေါင်းစုနေထိုင်ကြသည့် ပအိုဝ်းဒေသ၊ ကျွန်တော်၏ ကျောင်းနေဘက် သူငယ်ချင်း များ၊ သူငယ်ချင်းမများရှိနေသော ပအိုဝ်းဒေသ၊ ထာဝရတည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ပါ စေကြောင်း ဆုမွန်တောင်းလျှက်…………..။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။