နေပြည်တော် ဩဂုတ် ၂၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုဝန်ကြီးဖလား (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်းတွင် ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးစီးဌာနများ/ တက္ကသိုလ်များ/ ကောလိပ်များမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ၊ အသင်းအုပ်ချုပ်သူနည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဦးစီးဌာနများ/ တက္ကသိုလ်များ/ ကောလိပ်များမှ ပြိုင်ပွဲဝင်ဘောလုံးအသင်းများ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အနာဂတ်တာဝန် လွှဲပြောင်းရယူကြမည့် လူငယ်လူရွယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ အရည်အချင်းပြည့်ဝမှု၊ စိတ်ဓာတ်မြင့်မားမှု စသည့်အခြေ အနေများအပေါ် မူတည်နေပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်များ ဗလ ငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာ လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးနိုင်ရေး ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစား ပွဲတော်ကြီးအတွက် ဝန်ကြီးဌာနအတွင်းမှ အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် လည်း ရည်ရွယ်ပါကြောင်း၊ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သက်ဆိုင်ရာကစားနည်းအလိုက် အရည်အသွေး မြင့်မားအောင် ကြိုးပမ်းအားထုတ်နေခြင်းသည် အားကစားကဏ္ဍမြှင့်တင်ခြင်းဖြစ်သလို နိုင်ငံ့ဂုဏ် သိက္ခာကို မြှင့်တင်ခြင်း ဖြစ်ပါကြောင်း၊ အုပ်ချုပ်သူနည်းပြများကလည်း မိမိတို့အသင်းအလိုက် အားကစားသမားများ၏ စိတ်ဓာတ်မြင့်မားရေး၊ အရည်အသွေး ပြည့်ဝရေး၊ ကျန်းမာကြံ့ခိုင်ရေး တို့ကို စဉ်ဆက်မပြတ် ကြီးကြပ်ထိန်းကျောင်းတည့်မတ်ပေးရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစား သမားများကလည်း အားကစားစိတ်ဓာတ်အပြည့်ဖြင့် သန့်သန့်ရှင်းရှင်း ကစားကြစေလိုကြောင်း၊ ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ မျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နိုင်ငံတော်က အားထားရသော၊ ထူးချွန်ထက်မြတ်ပြီး အရည်အသွေးပြည့်ဝသော အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ကြိုးစားယှဉ်ပြိုင်ကစားကြပါဟု တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားသမားများက အားကစားသစ္စာ အဓိဌာန် (၄) ချက် ရွတ်ဆိုကြပြီး ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ကစားကြပုံများကို ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာဆရာမများ၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့ကို ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုဝန်ကြီးဖလား (အမျိုးသား) အလွတ်တန်းဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၂၃ ရက်မှ ၂၇ ရက်နေ့ထိ ကျင်းပသွား မည်ဖြစ်ပြီး ဦးစီးဌာနများ/ တက္ကသိုလ်များ/ ကောလိပ်များမှ ပြိုင်ပွဲအသင်း (၆) သင်း ဝင်ရောက် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာသို့ သွားရောက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ယွန်း၊ ရက်ကန်း၊ စက်မှုလက်မှု၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ဆိုင်ရာ နည်းပညာ သင်တန်းများကို သင်ကြားပို့ချပေးခြင်း၊ လုပ်ငန်းထူထောင်နိုင်အောင် ဆောင်ရွက်ပေးပြီး ထွက်ရှိ လာသော ကုန်ပစ္စည်းများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ စနစ်တကျ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်နေပါကြောင်း၊ ယခင် ဘဏ္ဍာနှစ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းကျေးရွာ (၁၅၁) ရွာ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင် (၇၅၅) ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး လုပ်ငန်းတိုးတက်မှုရှိအောင် စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း(၂၂၁)ရွာကို ရွေးချယ်၍ ဒေသအလိုက် ပေါများစွာထွက်ရှိသော ကုန်ကြမ်းများအပေါ် မူတည်ပြီး ဒေသခံများ၏ လိုအပ်ချက်အရ သင်တန်းအမျိုးအစားများကို ရွေးချယ်ဖွင့်လှစ်ပေးလျက် ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခုဘဏ္ဍာနှစ်၌ မိသားစုဝင်ငွေတိုးရေး စီမံကိန်းကို ကျေးရွာပေါင်း (၂၉) ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အချိန်ထိ ကျေးရွာ (၁၃) ရွာ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဤစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားအောင် အိုးမကွာ၊ အိမ်မကွာဖြင့် ဆောင်ရွက်လိုသူများ၊ ပညာရေးဆုံးခန်း တိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် လူငယ်လူရွယ်များ၊ လုပ်ငန်းထူထောင်လိုသော်လည်း ငွေကြေးအရင်းအနှီးနှင့် နည်းပညာလိုအပ်သူများကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်ကြားပေးပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်မည်ဖြစ်၍ နိုင်ငံတော်အတွက် MSMEs ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာမည် ဖြစ်ပါကြောင်း၊ စီမံကိန်းအောင်မြင်အောင် ဆောင်ရွက် လာနိုင်ခြင်းဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထွန်းကားလာစေပြီး ဒေသခံပြည်သူများ၏ မိသားစုဝင်ငွေများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ သွင်းကုန်အစားထိုး ထုတ်လုပ်လာနိုင်သည့် အတွက် နိုင်ငံခြားသုံးငွေသုံးစွဲမှုကို လျော့ချနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာ၍ အဟာရဓာတ်ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွှတ်သည့် ထုတ်ကုန်ပစ္စည်းများကို သုံးစွဲလာနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(စီမံကိန်း)က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် သင်တန်းသားသင်တန်းသူများနှင့် သင်တန်းနည်းပြများက မိတ်ဆက်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား (၁၀) ဦးအား သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ဩဂုတ် လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန် တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅) ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည် ဖြစ်သည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန် ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် မစ္စတာအလက်စ်ဇန်းဒါး ဆာဂီးဗစ်ရှ် ရှတီ ရော့ဗ်နှင့် Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန် ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်နိုင်ရေး MoC ရေးထိုးရန်ဆောင်ရွက်ထားရှိမှု၊ ရုရှားနိုင်ငံမှ နေကြာမျိုးစေ့များ ပံ့ပိုးပေး မည့်အခြေအနေများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။