Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စိုက်ပျိုးရေးတောင်သူများ စပါးမျိုးကောင်းမျိုးသန့် ရရှိအသုံးပြုနိုင်ရေး ကွင်းဆင်းဆောင်ရွက်


16 Aug,2024

နေပြည်တော် ဩဂုတ် ၁၅

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာရှိ New Asia Hi-Tech Seeds ကုမ္ပဏီသို့ သွားရောက်ပြီး ဧရာမင်း၊ ဆင်းသုခ၊ နှံကောက်ထွန်း၊ နယူးဧရာ စပါးသီးနှံ မျိုးစေ့ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ကုမ္ပဏီ တာဝန်ခံက ရက် (၉၀) စပါးမျိုးများဖြစ်သော ဧရာမင်း၊ ဆင်းသုခ၊ နှံကောက်ထွန်း၊ နယူးဧရာ စပါးစပ်မျိုးများ၏ မျိုးစေ့ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ကုမ္ပဏီကိုယ်တိုင် စိုက်ပျိုးထားမှု၊ ကန်ထရိုက် လယ်ယာစနစ်ဖြင့် စိုက်ပျိုးထားမှုနှင့် အကျိုးတူပူးတွဲ စိုက်ပျိုးထားမှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးတို့အတွက် မြန်မာနိုင်ငံ၏ အဓိကလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ပံ့ပိုးပေး လျက်ရှိပြီး မိမိတို့ဝန်ကြီးဌာနနှင့်အတူ သက်ဆိုင်ရာဝန်ကြီးများ ပူးပေါင်းချိတ်ဆက် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ဦးစီးဌာန (၄) ခုရှိပြီး အမှန် တကယ် စိုက်ပျိုးမွေးမြူသူများကို သမဝါယမစနစ် အသင်းအဖွဲ့များ ဖွဲ့စည်း၍ အရင်းအနှီးများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကုမ္ပဏီမှ ထုတ်လုပ်သည့် စပါးမျိုးများအနေဖြင့် အထွက်နှုန်း ကောင်းမွန်စေရေး၊ ဈေးကွက်ဝင် အဆင့်မှီဖြစ်စေရေး၊ စာသုံးမှုအရသာ ကောင်းမွန်စေရေး၊ စိုက်ပျိုး သည့်တောင်သူများ ဝင်ငွေတိုက်ချေကိုက်မှုရှိစေရေး စသည့် အရည်အသွေးပြည့်မီသော စပါး မျိုးများဖြစ်အောင် ထုတ်လုပ်ရန်၊ သုတေသနလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ စိုက်ပျိုးရေးအောင်မြင်ရန် လိုက်နာရမည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ မြေယာစနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ နည်းပညာရရှိရေး စသည့် အချက်(၄)ချက်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးနှင့် မိရိုးဖလာစိုက်ပျိုးစနစ်ထက် စက်မှုလယ်ယာစနစ် တွင်ကျယ်စွာ အသုံးပြု လာစေရေးတို့အတွက် တာဝန်ရှိသူအသီးသီးက အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုမ္ပဏီပိုင်မြေ (၆၅) ဧကတွင် ပျိုးထောင် စနစ်ဖြင့် နှံကောက်ထွန်းစပါးမျိုးများ စိုက်ပျိုးထားမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm