သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(Shwe Bank)တို့ ပူးပေါင်း၍ မြစိမ်းရောင်စီမံကိန်းကျေးရွာ(၉)ရွာတွင် Mobile Financial Payment စနစ်ဖြင့် ချေးငွေထုတ်ယူ နိုင်ရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀နာရီအချိန်တွင် ရုံးအမှတ်(၃၆)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ ကျေးရွာယူနစ်ပေါင်း(၁၁၈၃၈)ယူနစ်၊ အကျိုးပြုကျေးရွာပေါင်း (၁၄၀၂၂)ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု စီမံကိန်းမှဆောင်ရွက်ရန် နိုင်ငံတော်မှ ကျေးရွာ (၁) ရွာလျှင် ငွေကျပ် (၃၀၀) သိန်းအား အရင်းမပျောက် မတည်ရန်ပုံငွေအဖြစ် မတည်ထောက်ပံ့ပေးပြီး ကျေးရွာမှအများသဘောတူ ရွေးချယ်ထားသော ကျေးရွာလုပ်ငန်းအဖွဲ့မှ ကျေးရွာရှိ အိမ်ထောင်စုများ အား စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ရန် ချေးငွေများထုတ်ချေး ပေးလျက်ရှိပါကြောင်း၊ ရရှိလာသော အတိုးငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ချေးငွေထုတ်ချေးခြင်းများကို လည်ပတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်က စီမံကိန်း ကျေးရွာများတွင် ရန်ပုံငွေထုတ်ချေးခြင်း၊ အရင်း/ အတိုးပြန်လည်ပေးဆပ်ခြင်းလုပ်ငန်းစဉ်များကို Manual Cash - based စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာမှ လုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေချောမွေ့စေရန် အတွက် Mobile Financial Payment စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်ရေး Pilot စမ်းသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊
Mobile Financial Payment စနစ်ဖြင့် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ရရှိထားတဲ့ Shwe Bank နှင့် မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ စီမံကိန်းကျေးရွာ ကိုး ရွာတို့တွင် Mobile Payment Service Provider Agent မှတဆင့် ငွေချေး ယူသူများ၏ Mobile Phone ကို အသုံးပြု၍ တိုက်ရိုက်ငွေကြေးလွှဲပြောင်း ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ကျေးလက် မိသားစုများသည် မိမိရွာတွင်းရှိ နီးစပ်ရာ MoMoney ကိုယ်စားလှယ်များထံတွင် အလွယ်တကူငွေထုတ်ယူနိုင်ခြင်း၊ ခရီးစရိတ်ကုန်ကျမှုများ မရှိတော့ခြင်း၊ MoMoney Wallet ကို အသုံးပြု၍ Digital နည်းပညာများ၏ ထုတ်ကုန်များကို ရယူခံစားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(Shwe Bank)မှ တာဝန်ရှိသူတစ်ဦးမှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်လီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်သက်ဦးတို့မှ မြစိမ်းရောင်စီမံကိန်းကျေးရွာ ကိုးရွာတွင် မိုဘိုင်းဖုန်းဖြင့် ငွေကြေးလွှဲပြောင်းခြင်းလုပ်ငန်းဖြင့် ချေးငွေထုတ်ယူနိုင်ရေး ရှေးပြေး ဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အား နှစ်ဦးနှစ်ဖက်လက်မှတ် ရေးထိုးခဲ့ကြပါသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ရွှေ(ကျေးလက်နှင့် မြို့ပြ)ဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက်(Shwe Bank)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။