နေပြည်တော် ဩဂုတ် ၉
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင့် ဝါစက် လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်ကျေးရွာ၌ ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်ကျေးရွာရှိ အလင်းရောင် လယ်ယာနှင့် အထွေထွေစီးပွားသမဝါယမအသင်း၌ ကျင်းပပြုလုပ်သည့် ဝါစိုက်အသင်းသား တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးက ပျော်ဘွယ်မြို့နယ်အတွင်း ဝါသီးနှံစိုက်ပျိုးလုပ်ငန်းဆောင်ရွက်နေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေဖြင့် သွင်းအားစုထောက်ပံ့ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် လာရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိပြည်သူများ အဝတ်အထည်များ ဖူလုံရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်မှုဟာ အလွန်အရေးကြီးပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထွက်ရှိလာသောဝါမှာ နိုင်ငံအတွင်း ချည်လိုအပ်ချက်အတွက် ပြည့်မီတာကို တွေ့ရှိရသော်လည်း ချည်နှင့် အထည်များကို ပြည်ပမှ တင်သွင်းမှာယူနေရသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ထွက်ရှိသော ဝါဂွမ်းများကို ကုန်ကြမ်းအနေဖြင့်သာ ပြည်ပ သို့ တင်ပို့ရောင်းချနေရကြောင်း၊ ဒါကြောင့် ပြည်တွင်း၌သာ ချည်ဖြစ်သည်အထိ ထုတ်လုပ်ရန် အတွက် လိုအပ်သော နည်းပညာ၊ စက်ပစ္စည်း၊ အရင်းအနှီးများကို ပံ့ပိုးပေးပြီး Value Added အဖြစ် ချည်ဖြစ်သည်အထိ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒါမှသာ ပြည်ပမှ ချည်တင်သွင်းမှုကို လျှော့ချ နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် ဝါစိုက်တောင်သူများ အနေဖြင့် ဝါများအထွက်တိုးရေး မျိုးကောင်း မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများရရှိရေး စိတ်တူကိုယ်တူ ဆန္ဒတူသူများဖြင့် သမဝါယမအသင်းအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပါက တိုင်းဒေသကြီး နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ သမဝါယမအသင်းရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်ပေးနေကြောင်း၊ ဝါခူးဆွတ်ချိန်တွင်လည်း အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့်ရှိသည့်အနက် သတ်မှတ်အရည်အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများ သိရှိအောင် တာဝန်ရှိသူအဆင့်ဆင့်မှ အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိ လာသောဝါများ ဈေးကောင်းရရှိရေး ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက် များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တောင်သူအသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားပြီး ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီးနောက် မိုးကြိုဝါစိုက်ခင်းများတွင် ဝါဆွတ်ခူးနေမှုအား ကြည့်ရှုအားပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ပျော်ဘွယ်မြို့နယ်၊ ဆည်ကန်ဝါစက်ရုံနှင့် မန်းရတနာ ဝါဂွမ်းနှင့် ဝါမျိုးစေ့ရောင်းဝယ်ရေးစက်ရုံများသို့ ရောက်ရှိပြီး ဝါဖန်စက်များဖြင့် ဝါဂွမ်း အထုပ်များထုတ်လုပ်နေမှုများနှင့် ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လက်ရှိဝါဖန်စက်များ မှ ဝါဂွမ်းအထုပ်များ ထုတ်လုပ်ရောင်းချမှုအဆင့်မှ ချည်ဖြစ်သည်အထိ လိုအပ်သော နည်းပညာ၊ စက်ပစ္စည်းများကို ပံ့ပိုးပြီး Value Added အဖြစ် အဆင့်ဆင့်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထုတ်လုပ်ပြီး ဝါဂွမ်းချည်များ ဈေးကွက်သေချာစွာရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝါစေ့မှ ဝါစေ့ဆီကြိတ်ခွဲနိုင်မှုကြောင့် စားသုံးဆီအပြင် တိရစ္ဆာန်အစာအတွက် ဝါဖတ်များကိုပါ ရရှိခြင်းကြောင့် များစွာအကျိုးရှိပါကြောင်း၊ ဝါစိုက်ဧကအပေါ် အခြေခံ၍ ကုန်ကြမ်းရရှိမှုအပေါ် မူတည်ကာ ဝါဖန်စက်များ ထပ်မံလိုအပ်မှု ရှိ/မရှိ တင်ပြပေးရန်နှင့် ထပ်မံလိုအပ်သော စက်များကို ပြည်တွင်းစက်မှုဇုန်များမှ ထုတ်လုပ်နိုင်သည့်အတွက် တိုးချဲ့ဆောင်ရွက်လိုပါက ဆောင်ရွက်မည့် အစီအစဉ်များ ပြန်လည်တင်ပြကြရန် လိုအပ်ကြောင်း၊ မီးဘေးလုံခြုံရေး ဂရုပြုဆောင်ရွက်ကြရန် နှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာနေထိုင်ကြရန်၊ မိမိလုပ်ငန်းတာဝန်များကို စေတနာထားလုပ်ဆောင်ကြရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုပ္ဗသီရိမြို့နယ်ရှိ တီဘီအယ်လ်ကုမ္ပဏီ လီမိတက်၏ ဝါ၊ နေကြာ၊ နှမ်း၊ စပါးမျိုးစေ့များနှင့် အခြားသီးနှံမျိုးစေ့များ ထုတ်လုပ်နေမှု၊ စမ်းသပ် စိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများ က မျိုးစေ့များထုတ်လုပ်နေမှု၊ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် နှင့် လိုအပ်သောဒေသများသို့ သမဝါယမအသင်းများဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။