Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပရဟိတစိတ်မွေးကြရန်၊ ခေါင်းဆောင်အင်္ဂါရပ်များ နှင့်အညီ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား


10 Jul,2024

နေပြည်တော် ဇူလိုင် ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်း ဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် () ရပ်၊ ဦးတည် ချက်(၉)ရပ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည်လည်း ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ယခင်က အသက်မွေးဝမ်းကျောင်းပညာကာလတိုသင်တန်းများ ဖွင့်လှစ်ပြီး နည်းပညာပေးခြင်းတို့ကိုသာ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် သင်တန်းများဖွင့်လှစ်ရာတွင် အမှန်တကယ် လုပ်ငန်းထူထောင်မည့်သူများ ကိုသာ စုစည်းပြီး သင်တန်းဖွင့် လှစ်ဆောင်ရွက်ပေးရန်နှင့် သင်တန်းဆင်းများကို လုပ်ငန်းထူထောင် နိုင်သည်အထိ လိုအပ်သော စက်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများကို ရင်းနှီးပံ့ပိုးကူညီပေးရမည် ဆိုသည့် မူဝါဒ ချမှတ်ပေးခဲ့ပါကြောင်း၊ စက်စ္စည်းများသုံးစွဲခွင့်ပေးရာတွင် ၎င်းတို့ အမှန်တကယ် လိုအပ်သော၊ ဝယ်ယူလိုသော စက်ပစ္စည်းများကို ၎င်းတို့၏ ဆန္ဒသဘောထားနှင့်အညီ ဝယ်ယူ သုံးစွဲခွင့်ပေးကြရန် အဓိကထား မှာကြားလိုပါကြောင်း၊

စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို ဦးဆောင်ပြီး ဆောင်ရွက်ကြမည့်ဌာနမှ စီမံကိန်းတာဝန်ခံများနှင့် ကျေးရွာ (၂၂၁) ရွာမှ ရွေးချယ်ထားသည့် ကျေးရွာအဖွဲ့ခေါင်းဆောင်များကို ခေါ်ယူပြီး စီမံကိန်းလုပ်ငန်း ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့် စီမံကိန်းဝန်ထမ်းများနှင့် ကျေးရွာအဖွဲ့ခေါင်းဆောင်များ ကလည်း သင်တန်းမှ သင်ကြားပေးခဲ့သည်များကို မိမိတို့၏ ကျေးရွာများတွင် ကျန်ရှိခဲ့သည့် ကော်မတီဝင်များကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သင်တန်းကို မပျက်မကွက် နေ့စဉ်တက်ရောက်ပြီး ဂရုတစိုက် လိုက်နာမှတ်သားကြစေလိုကြောင်း၊ အနယ်နယ်အရပ်ရပ်မှ လာရောက်သင်ကြားရခြင်းဖြစ်၍ အကျိုးရှိအောင် သင်ယူကြရန် လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းတာဝန်ခံများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် အောင်မြင်မှု ရှိ/မရှိ၊ မြေပြင်တွင်ဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းဆောင်ရွက် ပေးရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း စောင့်ကြည့်လေ့လာခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း (M&E) ကို ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာကြ သူများအနေဖြင့် မိမိတို့ကျေးရွာ၏ စီမံကိန်းခေါင်းဆောင်များဖြစ်ကြ၍ ပရဟိတစိတ် မွေးကြရန်၊ ခေါင်းဆောင်အင်္ဂါရပ်များနှင့်အညီ ဦးဆောင်ကြရန်၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းထားပြီးဖြစ်၍ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကူးပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ နှင့် ကျေးရွာအဖွဲ့ခေါင်းဆောင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ပေးခဲ့ပါသည်။

          ယခုသင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာစာရင်းရေးဆွဲနည်းနဲ့ ထိန်းသိမ်းနည်းဘာသာရပ်၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာဘာသာရပ်၊ စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ ကုန်အမှတ်တံဆိပ်မူပိုင် ခွင့်နှင့် ကုန်ထုတ်လုပ်ငန်းများ၏ ဝင်ငွေခွန်ဆိုင်ရာ အသိပညာပေးခြင်း၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှု၊ လက်မှု၊ အပ်ချုပ်၊ ရက်ကန်းစသည့် ကုန်ထုတ်လုပ်ငန်း အမျိုးအစားအလိုက် အသိပညာပေးခြင်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်သည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ ကျေးရွာ(၁၅၁)ရွာတွင် ဆောင်ရွက်ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် လုပ်ငန်းထူထောင်လိုသူ () ဦးကို ရွေးချယ်ကာ အသေးစားကုန်ထုတ်လုပ်ငန်းရှင် (၇၅၅) ဦးကို လုပ်ငန်းထူထောင်ပေးနိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ကျေးရွာ(၂၂၁)ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ကာ အသေးစားကုန်ထုတ် လုပ်ငန်းရှင် (၁၁၀၅) ဦးကို လုပ်ငန်းထူထောင်ပေးနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm