Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကတင်ကျေးရွာ သမဝါယမဝါစိုက်ခင်းများ ရေရှိရေး ဆောင်ရွက်ပေး


04 Jul,2024

နေပြည်တော် ဇူလိုင် ၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာအုပ်စု၊ ကတင်ကျေးရွာရှိ  လင်းလင်းစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ ၏ စိုက်ဧက (၂၁၀) တွင် စိုက်ပျိုးရေ ရရှိရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တွင်းတိမ် (၇) တွင်း တူးဖော်ဆောင်ရွက်ပေးခဲ့ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အဆိုပါနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေး၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ရမည်းသင်းမြို့နယ်အတွင်း ဝါစိုက်ပျိုးရေးသမဝါယမအသင်းပေါင်း (၂၃) သင်းမှ B-31 မျိုး၊ ရွှေတောင်-၁၀ မျိုးတို့ကို မိုးကြိုဝါ (၄၉၀) ဧကနှင့် မိုးဝါ (၄၅၀) ဧက စိုက်ပျိုးလျက်ရှိပြီး မိုးနှောင်းဝါ (၃၅၃၈) ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ လိုအပ်သည့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများ အသုံးပြုနိုင်ရေး ကူညီပံ့ပိုးပေးသွားမည် ဖြစ်သည်။

ကုတင်ကျေးရွာသည် အိမ်ခြေ (၃၅၀) ရှိပြီး စပါး၊ ဝါ၊ ပြောင်း၊ ငရုတ်သီးနှံစိုက် တောင်သူများ အနေဖြင့်လည်း တွင်းတိမ်များတူးဖော်လျက် အင်ဂျင်နှင့်ရေစုပ်ပန့်များ အသုံးပြုလျက်ရှိရာ ၎င်းစက် ကိရိယာများ ပြုပြင်နိုင်ရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တစ်လုံးထိုး အင်ဂျင်ပြင် သင်တန်းပို့ချပေးရန်၊ ကျေးရွာသောက်သုံးရေ ရရှိရေးအတွက် လိုအပ်သည်များ စီစဉ် ဆောင်ရွက်ပေးရန် ညှိနှိုင်းမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကတင်ကျေးရွာ ကုန်ထုတ်လမ်း အရှည် (၅) ဖာလုံ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာသို့ သွားရောက်ပြီး ရွှေစင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ စိုက်ဧက (၂၁၁) ဧကတွင် ရွှေတောင်-၁၀ ဝါမျိုးများ စိုက်ပျိုးနေသော အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ ဝါအထွက်နှုန်း တိုးရေးနှင့် အဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မှာကြားပြီး အသင်းသားတောင်သူများ၏ လိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် နွားပွဲဈေးသို့ သွားရောက်၍ ဒေသနွား မွေးမြူထားရှိမှု၊ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို မေးမြန်းကြည့်ရှုလေ့လာခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အင်ကြင်းကန်-အုတ်ဖို-ကြံပင်-ထန်းတော ကျေးရွာချင်း ဆက်လမ်း အရှည် (၄) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် ကျေးရွာအုပ်စု (၂) ခုအတွင်းမှ ကျေးရွာပေါင်း (၅) ရွာရှိ အိမ်ခြေ(၇၇၉) အိမ်၊ လူဦးရေ (၃၀၀၀)၊ စိုက်ပျိုးမြေဧက (၂၆၅၀) ဧကတို့ကို အကျိုးပြုမည် ဖြစ်သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် သမဝါယမအသင်းစုချုပ်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေဆုံကာ တပ်ကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသော နွေစပါး၊ မိုးစပါး စိုက်ပျိုးရေးလုပ်ငန်း၊ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။  


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm