Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်


04 Jul,2024

အမရပူရမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းပြုလုပ်
 
မန္တလေး ဇူလိုင်  ၄
 
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် တမုတ်ဆိုးကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက တမုတ်ဆိုးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် ကျေးရွာသူကျေးရွာသားများအနေဖြင့် စီမံကိန်းကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားပါသည်။
 
ဆက်လက်၍ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများက လုပ်ငန်းအဖွဲ့များကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။
 
အဆိုပါ တမုတ်ဆိုးကျေးရွာအား ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း အမရပူရမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm