Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်


27 Jun,2024

နေပြည်တော် ဇွန် ၂၇

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်ရှိ PEP နို့ထွက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် နေသည့် ထွန်း နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူတစ်ဦးက စက်ရုံလည်ပတ်နေမှုအား Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ နို့ထွက်ပစ္စည်းများ တင်သွင်းမှု လျှော့ချရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် လိုအပ်သည့်ကုန်ကြမ်းများ လုံလောက်စွာရရှိရေးအတွက် နို့စားနွား မွေးမြူရေး လုပ်ငန်းများ စနစ်တကျတိုးချဲ့ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တောင်သူများ သမဝါယမနစ်ဖြင့် မွေးမြူနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ အစာများ ရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထွက်ရှိ လာသော ကုန်ကြမ်းများအား နို့ထွက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အခက်အခဲများရှိပါက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့်လည်း ဈေးနှုန်းသက်သာပြီး ကျန်းမာရေးနှင့် ညီညွတ်သော နို့ထွက်ပစ္စည်းများ ပြည်သူများစားသုံးနိုင်ရေး ဦးတည်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်းမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်ရှိ မြဘုရင် နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ စက်ရုံ လည်ပတ်နေမှုအဆင့်ဆင့်၊ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာဒေသသည် နို့စားနွားမွေးမြူပြီး နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ် ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့်ဒေသ ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးအတွက်လည်း အချက်အချာ ကျသော ဒေသဖြစ်ပါကြောင်း၊ လိုအပ်သော Feasibility Survey ပြုလုပ်ပြီး မွေးမြူခြင်း၊ ထုတ်လုပ် ခြင်းတို့ကို သမဝါယမစနစ်ဖြင့် လုပ်ငန်းရှင်များ၊ အသင်းသားတောင်သူများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်းလိုအပ်ချက်များ အပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့၊ ကျီးတော်ကုန်းရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးဝင်းညွန့်အောင်၏ နို့စိမ်းထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်သည် စိုက်ပျိုးမွေးမြူရေး အတွက် ရေခံမြေခံကောင်းများ ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများအား သမဝါယမစနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမို အောင်မြင်အောင် ထုတ်လုပ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်ထားပါကြောင်း၊ မွေးမြူရေးကဏ္ဍ ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်လာရေး၊ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်းအပြင် အေးခဲအသား ထုတ်လုပ်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ စက်ပစ်တောင်ကျေးရွာရှိ စက်ပစ်တောင် နို့စားနွားမွေးမြူရေးသမဝါယမအသင်းသို့ သွားရောက်၍ နို့စားနွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေ မှုများ ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နို့နှင့် နို့ထွက် ပစ္စည်းများကို တန်ဖိုးမြှင့်စားသောက်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းစုအနေဖြင့် လိုအပ်သည့် အရင်း အနှီးများ ပံ့ပိုးဆောင်ရွက်ပေးသွားရန်၊ နို့စားနွားများ မွေးမြူရာတွင် မိရိုးဖလာစနစ် မွေးမြူခြင်း ထက် စနစ်ကျနသည့် မွေးမြူခြင်းစနစ်ဖြင့် မွေးမြူကြရန်နှင့် လိုအပ်သည့် ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံကြရန် ဆွေးနွေးမှာကြားပြီး အသင်းသားတောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နို့စားနွားများ မွေးမြူထားမှုအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm