Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ(အမရပူရ)တို့မှ လေ့လာရေးခရီး လာရောက်ကြသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံ


25 Jun,2024

နေပြည်တော် ဇွန် ၂၅

နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများကို ဖူးမြော်ပြီး အထင်ကရနေရာများကို လေ့လာခြင်း ဖြင့် ရရှိသော အတွေ့အကြုံကောင်းများကို မိမိတို့ဒေသ လူမှုစီးပွားဘဝ မြင့်မားရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်စေရန်၊ တအူထုံ့ဆင်း ညီရင်းအစ်ကို မောင်းရင်းနှမများပမာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ ရင်းနှီးချစ်ကြည်မှု တို့ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်ထက်မြတ် ခိုင်မာလာစေရန်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) အား ကြည့်ရှုလေ့လာရန် ရည်ရွယ်ချက်များဖြင့် ဖိတ်ကြားခေါ်ယူခဲ့သော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့ဝင်များအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယ ဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှု တက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)တို့မှ ပါမောက္ခချုပ်များ၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ(အမရပူရ)တို့မှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာဆရာမ များနှင့် ကျောင်းသားကျောင်းသူ (၉၅) ဦးအပါအဝင် စုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် ၉ ရပ်ထဲမှ လူမှုရေးဦးတည်ချက်တွင် ချမှတ်ထားသော “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အချက်ပါအတိုင်း အမျိုးသားပညာရေး၏ ရည်မှန်းချက်များနှင့်အညီ နိုင်ငံတော်၏ သားကောင်းရတနာ၊ သမီးကောင်းရတနာ ကျောင်းသားကျောင်းသူများကို တွေးခေါ်ကြံဆ ဝေဖန် ပိုင်းခြားနိုင်သည့် အသိဉာဏ်ရှိသော၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိကြောင်း၊

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခင်ကလည်း သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း (၅)ကျောင်းမှ သင်တန်းနည်းပြများနှင့် ကျောင်းသားကျောင်းသူများကိုလည်း ကောင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း) တို့မှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများကိုလည်းကောင်း၊ နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ် ဖိတ်ကြားခေါ်ယူခဲ့ပြီး တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများကို သွားရောက်ဖူးမြော်လေ့လာ ကြည့်ရှုနိုင်အောင် စီစဉ်ပေးခဲ့ကြောင်း၊ ယခုလေ့လာရေးခရီးစဉ်များမှ အတွေ့အကြုံကောင်းများကို မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးချခွင့်ရမည် ဖြစ်သလို တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များလည်း ရှင်သန်ထက်မြတ်လာမည် ဖြစ်ကြောင်း၊

ယွန်းပညာကောလိပ်(ပုဂံ)တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ များအနေဖြင့် သင်တန်းကာလ (၂) နှစ်ပြီးဆုံးပါက ယွန်းပညာဒီပလိုမာဘွဲ့ ချီးမြှင့်ပေးအပ်မည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းမှီသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း) တို့သို့ ပေါင်းကူးတက်ရောက်ခွင့်ရမည် ဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင်မည့်သူများအနေဖြင့်လည်း ပုဂံ ညောင်ဦးဒေသရှိ မြန်မာ့ရိုးရာယွန်းလုပ်ငန်းများတွင် လည်းကောင်း၊ ကိုယ်ပိုင်ယွန်းလုပ်ငန်းရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ထူထောင် သွားနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ တက်ရောက် နေသော ကျောင်းသားကျောင်းသူများအနေဖြင့်လည်း ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ် သင်တန်း တက်ရောက်အောင်မြင်ပြီးပါက ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ (၁) နှစ် သင်တန်း ကို တက်ရောက်ခွင့်ရကြမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသွားပါကလည်း မိမိတို့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ရက်ကန်းသင်တန်းကျောင်းများ၊ နိုင်ငံပိုင်၊ တပ်မတော်ပိုင်၊ ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံကြီးများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊

ယခုခရီးစဉ်တွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် ဒေသန္တရ ဗဟုသုတများ လေ့လာကြည့်ရှုသွားကြပြီး မိမိတို့ ကောလိပ်နှင့် သိပ္ပံကျောင်းများသို့ ပြန်လည်ရောက်ရှိချိန်၌ စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များ ဖြင့် လေ့လာသင်ယူမှတ်သားကာ နိုင်ငံအကျိုးပြု လူငယ်လူရွယ်များ ဖြစ်လာစေရေး ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ယွန်းပညာကောလိပ်နှင့် ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့၏ သင်တန်းဆိုင်ရာ Video Clip ကို ပြသခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ယွန်းပညာကောလိပ်မှ ကျောင်းသားကျောင်းသူများ ၏ ယွန်းနည်းစဉ်ပြုလုပ်ပုံအဆင့်ဆင့် လက်တွေ့သရုပ်ပြသခြင်းကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့ဝင် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းသူလေးများက ပုဂံမုဒြာ အကဖြင့်လည်းကောင်း၊ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) မှ ကျောင်းသူလေးများက မင်္ဂလာပါ နှင့် လက်ခတ်သံ တေးသီးချင်းတို့ဖြင့် တေးသရုပ်ဖော်အကဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် လေ့လာရေးအဖွဲ့ဝင်များက ပြည်ထောင်စုဝန်ကြီးထံ ဂါရဝပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော် (ဗုဒ္ဓ ဂယာ) မဟာဗောဓိစေတီတော်ကြီးအတွင်းရှိ ရုပ်ပွားတော်မြတ်အား ဖူးမြော်ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ယင်းနောက် ဂေါပကအဖွဲ့မှ တာဝန်ရှိသူက စေတီလိုဏ်အတွင်းရှိ ဗုဒ္ဓဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ မြတ်စွာဘုရား ၇ ရက်စီ သီတင်းသုံးနေထိုင်တော် မူခဲ့သော သတ္တသတ္တာဟခုနစ်ဌာနဖြစ်သည့် မဟောဗောဓိပင်နှင့် ရွှေပလ္လင်တော်၊ အနိမိသကုန်းတော်၊ ရတနာစင်္ကြံတော်၊ ရတနာဃရရွှေစံအိမ်၊ အဇပါလ ဆိတ်ကျောင်းညောင်ပင်၊ မုဉ္စလိန္ဒာ ရေကန်နှင့် ရာဇာယတန လင်းလွန်းပင် တို့ကိုလည်းကောင်း လိုက်လံရှင်းလင်းပြသခဲ့သည်။

ထိုမှတဆင့် လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)သို့ သွား ရောက်ကြည့်ရှုလေ့လာကြရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေအးပ်ခဲ့ကြသည်။ ဆက်လက်၍ သတင်းရိုက်ကူးတည်းဖြတ်ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း (NRC) ထုတ်လွှင့် နေမှုများ၊ စိန်ရတုပြတိုက်နှင့် ရေဒီယိုထုတ်လွှင့်ရေးအစီအစဉ်များကို လိုက်လံကြည့်ရှု လေ့လာ ပြီးနောက် လေ့လာရေးအဖွဲ့များ၏ ပုဂံမုဒြာအက၊ မင်္ဂလာပါနှင့် လက်ခတ်သံ တေးသရုပ်ဖော် အကများကို မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။

ထို့နောက် အမျိုးသားပြတိုက်ရှိ ရှေးဟောင်းရုပ်ကြွင်း၊ ပန်းချီ၊ မြို့ဟောင်းပုံစံငယ်များ၊ ပလ္လင်နှင့် နန်းသုံးပစ္စည်းများ၊ လက်မှုအနုပညာများ၊ အာဆီယံပြခန်းနှင့် ကလေးသူငယ်ပညာ ပေးရေး အစီအစဉ်များကို သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm