Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာ တန်ဖိုးမြင့်ထုတ်ကုန်လုပ်ငန်းများ ကြည့်ရှုအားပေး


20 Jun,2024

နေပြည်တော် ဇွန် ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာတွင် ဖွင့်လှစ်ခဲ့သော တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၏ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေမှုအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် သင်တန်းအောင်မြင်ပြီး သူများ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ တန်ဖိုးမြင့်ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သည်များ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ဒေသနှင့် ကိုက်ညီသောသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းသူများ၏ တန်ဖိုးမြင့်ထုတ်ကုန် လုပ်ငန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

လက်ပံပျားကျေးရွာမှ သင်တန်းဆင်းများ စုပေါင်း၍ ပြည့်ဖြိုးလေး၊ နယူးပါဝါ၊ မြAကရီ၊ ကောင်းသန့် အမှတ်တံဆိပ်တို့ဖြင့် စာလေးခွေ၊ ကောက်ညှင်းပဲပုတ်ကြော်၊ မြေပဲ ဂျိုးဖြူကြော်၊ မြေပဲ ဆားလှော်၊ အာလူးကြော်တို့ကို ထုတ်လုပ်ရောင်းချလျက်ရှိရာ ထုပ်ပိုးမှုနည်းစနစ် စနစ်ကျကောင်းမွန်ရေး လိုအပ်သည့်နည်းပညာ ကူညီပံ့ပိုးပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ ကျောက်အိုးကျေးရွာသို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်- မန္တလေးအမြန်လမ်းသို့ ဆက်သွယ်နိုင်သော ကျေးရွာအဝင်လမ်း အရှည် ၁ မိုင် ကျောက်ချောခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါလမ်းသည် ကျေးရွာရှိ လူဦးရေ ၃၅၀ စိုက်ပျိုးမြေ ၂၅၀ ဧကကို အကျိုးပြုမည်ဖြစ်သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ကျောက်အိုး ကျေးရွာအနေဖြင့် စက်မှုကုန်ကြမ်းသီးနှံ ဝါနှင့် ဆီထွက်သီးနှံ နှမ်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ အထွက်နှုန်းတိုးရေးနှင့် အဆင့်မီဝါများ ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm